မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အာမတ် ဒီယာလိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ တိုးတက်မှုတွေ ရှိနေပြီး အာမတ်က သူရဲ့ ဆိုရှယ်မီဒီယာမှာ မြက်ခင်းပေါ် အပြေးလေ့ကျင့်နေတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။

အာမတ်ဟာ ဖေဖော်ဝါရီလ အစောပိုင်း လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ လက်စတာကို အနိုင်ရခဲ့တဲ့ပွဲကတည်းက အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ Instagramမှာ တင်ထားတဲ့ ဗီဒီယိုအရ သူဟာ တိုးတက်မှုကောင်းတွေ ရရှိနေပြီး ရာသီကုန်အထိ လွဲချော်သွားနိုင်တယ်ဆိုတဲ့ အစောပိုင်း စိုးရိမ်မှုတွေကိုပါ လျော့ပါးသွားခဲ့ပါတယ်။

Photo Credit : Goal

အာမတ် ဒဏ်ရာရရှိခဲ့တဲ့ အချိန်တုန်းက ရာသီကုန်အထိ လွဲချော်သွားနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် အခုကတော့ အဲဒီလို အခြေအနေမျိုး မဟုတ်တော့ဘဲ ၂၀၂၄-၂၅ ဘောလုံးရာသီ မကုန်ဆုံးခင်မှာ အာမတ် ပြန်လာနိုင်ဖို့ ရည်မှန်းထားပါတယ်။

အာမတ်ဟာ ဒီရာသီထဲ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၆)ပွဲကစား (၉)ဂိုး သွင်းယူပြီး (၈)ကြိမ် ဂိုးဖန်တီးပေးထားတာကြောင့် သူ မပါဝင်နိုင်ခြင်းက အသင်းအတွက် ထိခိုက်မှုကြီးမားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ကလည်း အာမတ်ကို မကြာခင် ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း အတည်ပြုခဲ့ပါတယ်။

Photo Credit : Reuters

ဒါပေမယ့် အာမတ်ဟာ ယူနိုက်တက်နဲ့ လိုင်ယွန်တို့ အိုးထရက်ဖို့ဒ်မှာ ကစားကြမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ကိုတော့ ပါဝင်နိုင်မှာ မဟုတ်ဘဲ တကယ်လို့ ယူနိုက်တက်သာ လိုင်ယွန်ကို အနိုင်ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်လောက်မှာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အတွက် အာမတ် ပြန်လာနိုင်တော့မယ်ဆိုတဲ့ သတင်းကောင်းက ရှိနေပေမယ့်လည်း အသင်းမှာ အားထားရတဲ့ တိုက်စစ်ကစားသမား ဂျိုရှုအာ ဇာ့ခ်ဇီးကတော့ နယူးကာဆယ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လိုင်ယွန်နဲ့ပွဲကို လွဲချော်သွားဖို့ ရှိနေတာဟာ ယူနိုက်တက်အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်နေရပါတယ်။