ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းဆီ တရာသီအငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် အာမတ် ဒီရယ်လိုက သူဟာ ဆန်းဒါးလန်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ကူညီပေးချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် လူငယ်ကြယ်ပွင့် အာမတ် ဒီရယ်လိုက မန်ချက်စတာ ယူနိုက်တက် ကနေ ဆန်းဒါးလန်းဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ရာ ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ခွင့်တွေ ရခဲ့သလို အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

အာမတ် ဒီရယ်လိုက ဒီရာသီမှာ ဆန်းဒါးလန်းအတွက် ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရသူပါ။

လက်ရှိမှာတော့ အာမတ် ဒီရယ်လိုက နိုင်ငံပွဲစဉ်တွေ ကစားဖို့ အိုင်ဗရီကို့စ်နဲ့ အတူ ပူးပေါင်းနေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက်က အာမတ်ကို ဒီရာသီအတွက် ရည်မှန်းချက်ကို မေးမြန်းရာမှာ အာမတ်က သူဟာ ဆန်းဒါးလန်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ကူညီပေးချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

အာမတ် ဒီရယ်လိုက – “ဒီရာသီ အစမှာ ကျွန်တော် သတ်မှတ်ခဲ့တဲ့ ရည်မှန်းချက်ကတော့ သွင်းဂိုး ၁၀ဂိုး ရအောင် သွင်းဖို့ပါ။ အခုတော့ ကျွန်တော်က ၁၀ဂိုးထက် ပိုများတဲ့ သွင်းဂိုးတွေ သွင်းယူချင်နေပါပြီ။ ဒါပေမယ့် ကျွန်တော့်မှာ နောက်ထပ် ရည်မှန်းချက် တခုလည်း တိုးလာပါတယ်။ အဲ့ဒါကတော့ ဆန်းဒါးလန်းကို ပရီးမီးယားလိဂ် တန်းပြန်တက်နိုင်အောင် ကူညီပေးဖို့ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

လက်ရှိမှာ အာမတ်ရဲ့ ဆန်းဒါးလန်းက ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဆင့် ၁၁နေရာမှာ ရှိနေကာ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်နိုင်ဖို့ ဆိုရင် ဆန်းဒါးလန်းက Play Off ကစားခွင့် ဖြစ်တဲ့ အဆင့်၆အတွင်း ရအောင် လုပ်ဖို့ လိုအပ်နေပါတယ်။