ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုက သူတို့ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ဟာ အလုပ်ကြိုးစားတဲ့ နည်းပြတဦး ဖြစ်ကြောင်းနဲ့ တန်ဟက်ဂ်လို နည်းပြမျိုးကို သဘောကျကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုက ၂၀၂၁ခုနှစ်မှာ အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၁.၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

Photo Credit: Goal

အာမတ် ဒီရယ်လိုက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်တာ ၃နှစ်ကျော် ကြာနေပေမယ့် လူငယ်ကစားသမား ဖြစ်တာကြောင့် ပုံမှန် ကစားခွင့် မရသေးပဲ ရိန်းဂျား ၊ ဆန်းဒါးလန်း စတဲ့ အသင်းတွေဆီ အငှားနဲ့ သွားရောက် ကစားကာ ပွဲအတွေ့အကြုံ ယူခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ အာမတ် ဒီရယ်လိုက ဆန်းဒါးလန်းဆီ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူ့ကို အသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Stretty News

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အာမတ် ဒီရယ်လိုက ဩဂုတ်လ ၃ရက်နေ့မှာ ဒူးခေါင်းဒဏ်ရာ ရရှိသွားတာကြောင့် ၅လကျော်ကြာ အနားယူခဲ့ရပြီး မကြာသေးမီကမှ သူဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာကာ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာမတ် ဒီရယ်လိုက မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲတွေ ပြန်ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီး နောက်ဆုံး အင်တာဗျူးမှာ အာမတ်က ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကို သဘောကျကြောင်း ဆိုလာပါတယ်။ အာမတ်က – “နည်းပြကြီးက အလုပ်ကြိုးစားတာကိုပဲ မြင်ချင်တဲ့ လူစားမျိုးပါ။ လေ့ကျင့်ရေးကွင်းမှာ ကစားပုံ နှေးသွားရင်တောင် သူက အနားကို ခေါ်ပြီး အားထည့် ကစားဖို့ ပြောတတ်ပါတယ်။ ကျွန်တော်က အဲ့ဒီလို နည်းပြမျိုးကို ကြိုက်ပါတယ်။ နည်းပြကြီးက အမြဲတမ်း ကြိုးကြိုးစားစား လေ့ကျင့်ဖို့ ပြောတတ်ပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။