MySport Myanmar

ပွဲထွက်ခွင့် မရရင်တောင် အကောင်းဆုံး ကြိုးစားနေတယ်လို့ ဆိုလိုက်တဲ့ အာမတ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အာမတ် ဒီယဲလ်လိုက သူ့အနေနဲ့ ပွဲထွက်ကစားခွင့်တွေ များမာျးစားစား မရရှိရင်တောင်မှ အသင်းအတွက်ကိုတော့ အချိန်တိုင်း အကောင်းဆုံး ဖြစ်နေဖို့အတွက် ကြိုးစားနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ညာတောင်ပံကစားသမား အာမတ်ဟာ ၂၀၂၁ခုနှစ်ကတည်းက အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပေမယ့် အသင်းမှာ ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရရင်း ရိန်းဂျားစ်နဲ့ ဆန်းဒါးလန်းအသင်းတွေဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit : SPORTbible

ဆန်းဒါးလန်းမှာ အကောင်းဆုံး ခြေစွမ်းပြလို့ ယူနိုက်တက်ဆီ ပြန်ရောက်လာတော့လည်း ဒူးဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူခဲ့ရလို့ ယူနိုက်တက်အတွက် ပွဲအနည်းငယ်လေးသာ ကစားခဲ့ရပါတယ်။ အာမတ်က ဒီရာသီမှသာ ပွဲကစားခွင့်တွေ ရလာခဲ့ရင်း နောက်ပိုင်းမှပဲ သူရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ပြန်ပါတယ်။

နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ တောင်ပံမှာ အာမတ်ထက် ရပ်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကိုသာ ပွဲကစားခွင့် ပိုပေးနေရာကနေ အခု တန်ဟက်ဂ် ထုတ်ပယ်ခံရချိန် ယာယီနည်းပြ နစ္စတဲလ်ရွိုင်းကတော့ အာမတ်ကို ဂရိကလပ် PAOK အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာပဲ ရပ်ရှ်ဖို့ဒ်နေရာမှာ ပွဲထွက်ခွင့် ပေးသွားခဲ့ပါတယ်။

Photo Credit : Sporting Life

အခုလို ပွဲထွက်ကစားခွင့် ပြန်ရလာတဲ့ အာမတ်က PAOK အသင်းဘက်ကို သူတစ်ဦးတည်း (၂)ဂိုးသွင်းယူပြီး ဒီရာသီမှာ အသင်းအတွက် ပထမဆုံး ယူရိုပါလိဂ်နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာမတ်က “ကျွန်တော် သြဂုတ်လတုန်းက တစ်လတာ အကောင်းဆုံး ကစားသမားဆု ရခဲ့ပေမယ့် ဒါကို ကျွန်တော် မေ့တောင်နေပြီ။ ကျွန်တော်က လက်ရှိနဲ့ အနာဂတ်အတွက်ပဲ အာရုံစိုက်ထားပါတယ်။”

“ကျွန်တော်တို့အသင်းက ထိပ်ဆုံးနေရာမှာ ရှိနေဖို့ ထိုက်တန်တာကြောင့် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားချင်ပါတယ်။ နောက်ပြီး ကျွန်တော် ဒီမှာ ရှိနေတာက အလုပ်ကြိုးစားနေဖို့ပါ။ ကျွန်တော် ပွဲထွက် မကစားရဘူးဆိုရင်တောင်မှ အချိန်တိုင်း အစွမ်းကုန် ကြိုးစားသွားမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version