ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသစ်စက်စက် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ အာမတ် ဒီရယ်လို ထရာအိုရေး ကတော့ အသင်းနဲ့အတူ ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံး အင်တာဗျူးမှာပဲ သူဟာ ဘယ်လို ဆုဖလားတွေ ရယူချင်လဲ ဆိုတာကို ပြောပြ သွားခဲ့ပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် တောင်ပံ ကစားသမား အာမတ် ဒီရယ်လို ထရာအိုရေးဟာ ဥရောပရဲ့ ထွန်းတောက်လာမယ့် လူငယ် ကြယ်ပွင့်တွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး အတ္တလန်တာ ယူ-၂၃ အသင်းနဲ့ အတူ ပြသနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၁သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပါ။

Photo Credit: Sports 360

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာမတ် ဒီရယ်လိုကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာ ခေါ်ယူနိုင်ခဲ့ပေမယ့် အင်္ဂလန်ကို လာရောက်ဖို့ အတွက် ဗီဇာကိစ္စ အဆင်မပြေတာ ကြောင့် အာမတ်ဟာ ယခုအချိန်မှသာ အသင်းနဲ့အတူ လာရောက် ပူးပေါင်းနိုင်တာပဲ ဖြစ်ပါတယ်။ အာမတ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေ ကတော့ အာမတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားနည်းချက် တစ်ခုဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်ကို အသက်သွင်း ပေးမယ့် ကစားသမား ဖြစ်ကြောင်း ယူဆ ထားကြပါတယ်။

Photo Credit: Sports 360

အာမတ်ကလည်း သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်တဲ့ ကစားသမား တစ်ဦး ဖြစ်လာမယ် လို့ ယုံကြည်ထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား တို့ကို အရယူနိုင်ဖို့ စိတ်ကူးထားကြောင်း ဆိုလာပါတယ်။ သူ့ရဲ့ အိမ်မက်တွေနဲ့ ပတ်သတ်ပြီး အာမတ်က “ ကျွန်တော်က အသင်းကို အခုမှ စရောက်တာ ဖြစ်သလို အသင်းသစ်နဲ့ ပထမဦးဆုံး နေ့ရက်မှာပဲ ဒီလို စကားတွေ ပြောရတာက အနည်းငယ် ရှက်စရာ ကောင်းပေမယ့် ကျွန်တော့်ရဲ့ အိမ်မက် ကတော့ ပရီးမီးယားလိဂ် ဖလားနဲ့ ချန်ပီယံလိဂ်ဖလား တို့ကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ရယူချင်တာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပန်းတိုင်လည်း ဖြစ်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ လက်ရှိ မှာတော့ အာမတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီနီယာအသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပြီး လာမယ့် သီတင်းပတ်မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အသင်းသစ် အတွက် ပထမဦးဆုံး ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။