မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဝင်ဟားဂရေစ့်က ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစာသမားလေး အာမတ်ဒီယာလိုဟာ အသင်းမှာ တောက်ပလာမယ့် ကြယ်ပွင့်တစ်ပွင့်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပေမယ့် ကစားသမားလေးအနေနဲ့ သူ့ကို ခေါ်ယူခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကြောင့် အနည်းငယ်တော့ ဖိအားဝင်နေရလိမ့်မယ်လို့ပါ ထပ်မံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမားလေး ဒီယာလိုဟာ မနေ့ညက ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ယူရိုပါလိဂ်(၃၂)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ သူရဲ့ယူနိုက်တက်စီနီယာ ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ဒုတိယပိုင်း ပွဲကစားချိန်မှာ ပါဝင်ကစားခွင့်ရလာခဲ့ပါတယ်။ ဒီကစားသမားလေးနဲ့ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်း အိုဝင်ဟားဂရေစ့်က “သင်အနေနဲ့ ဒီလောက်ပမာဏလောက် အသုံးပြုပြီး ကစားသမားတစ်ယောက်ကို ခေါ်ယူလိုက်တယ်ဆိုရင် ဒီကစားသမားဆီကနေ တစ်ခုခုကို ပြန်လည်ရယူဖို့အတွက် မျှော်လင့်ထားမယ်ဆိုတာကလည်း အသေအချာပါပဲ”

Photo Credit : Daily Mail

“သူတို့တွေ ဒီကစားသမားလေးအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ သူ့ကို အရန်စာရင်းထဲ ထည့်သွင်းခဲ့ပြီး ပါဝင်ကစားခွင့်ပါ ပေးခဲ့တယ်လေ။ အသင်းမှာ အန်တိုနီမာစီယဲလ် မားကပ်စ်ရပ်ရှ်ဖိုဒ့်တို့လို ကစားသမားမျိုးတွေ ရှိနေတယ်ဆိုပေမယ့်လည်း ဒီလောက်ငွေပမာဏနဲ့ ခေါ်ယူထားခဲ့တဲ့ ကစားသမားတစ်ယောက်ဆီကနေတော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ ပြန်လည်ရရှိချင်မှာပါ။ ဂျေဒန်ဆန်ချိုလို ကစားသမားမျိုးက တည်ဆောက်ပြီးသား ကစားသမားမျိုးပါ။ ဒီယာလိုကတော့ အခုမှ စတင်ရမယ့် ကစားသမားမျိုး။ အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ အသင်းမှာလည်း သူတောက်ပလာမှာပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အာမတ်ဒီယာလိုအနေနဲ့ အသင်းအတွက် ပွဲထွက်ကစားရဖို့ နီးစပ်နေပြီလို့ ပြောဆိုသွားခဲ့ပြီး လာမယ့်တစ်ပတ် အိုးထရက်ဖိုဒ့်မှာ ဆိုစီဒက်အသင်းနဲ့ပဲ ပြန်လည်ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် (၃၂)သင်းအဆင့် ဒုတိယအကျော့မှာ အသင်းအတွက် ပွဲထွက်လာရဖွယ် ရှိနေပါတယ်။ ဒီယာလိုဟာ အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီနီယာအသင်းအတွက် တစ်ပွဲသာ ကစားထားရပါတယ်။