မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး အာမတ် ဒီယာလိုက အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်မှာ မဟုတ်ပဲ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေမယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းက ဒီဈေးကွက်အတွင်းမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဖ် နဲ့ ကွင်းလယ်လူ ဟန်နီဘယ်လ် မစ်ဘရစ်ချ်တို့ကို ဘင်ဖီကာ ဆီဗီလာအသင်းတို့ဆီ အငှားချခဲ့သလို ဖာကန်ဒို ပယ်လစ်စထရီကိုလည်း ဂရန်နာဒါအသင်းထံ အငှားဖို့ စီစဉ်နေပါတယ်။

Photo Credit : Goal

ဒါ့အပြင် အသင်းရဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမားလေး အာမတ်ရဲ့ အနာဂတ်ပါ လှုပ်ခတ်လာပြီး ရာသီကုန်အထိ အငှားချသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာသလို အာမတ်ကိုလည်း မစ်ဒယ်ဘရော့ အပါအဝင် ချန်ပီယံရှစ် ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပါတယ်။

အာမတ်ကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆန်းဒါးလန်းအသင်းမှာ အငှားနဲ့ သွားရောက်ကစားရင်း အတော်လေး တောက်ပနိုင်ခဲ့တာကြောင့် အာမတ်ကို အခုလို ချန်ပီယံရှစ် ကလပ်အသင်းတွေက အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက် (၂၁)နှစ်အရွယ် အတ္တလန်တာ ကစားသမားဟောင်းလေး အာမတ်ဟာ ဒူးဒဏ်ရာကြောင့် ဒီရာသီမှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးနေခဲ့ရပြီး နော်တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှသာ အသင်းအတွက် ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ကစားခဲ့ရပါတယ်။

ဒါပေမယ့် အာမတ်က နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် တစ်ပွဲမှ မကစားရသေးပဲ အသင်းရဲ့ လူစာရင်းထဲမှာပါ မပါဝင်နေတာကြောင့် အာမတ်ရဲ့ အနာဂတ်က မသေမချာ ဖြစ်နေပေမယ့် အာမတ်ကိုယ်တိုင်က အသင်းမှာပဲ ဆက်ရှိနေချင်သလို ယူနိုက်တက်ကလည်း အာမတ်ကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။