မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အာမတ် ဒီယာလိုကတော့ လေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာပဲ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီဘောလုံးရာသီကုန်အထိတောင် အနားယူသွားရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီအကြောင်းအရာကိုလည်း အာမတ်ကိုယ်တိုင် အတည်ပြုသွားခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ညာတောင်ပံကစားသမား အာမတ်ဟာ လက်ရှိ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိက အကျဆုံး အားအထားရဆုံး ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့် အခုလို ဒဏ်ရာရသွားတာက အသင်းအတွက် အတော်လေး နစ်နာစေရပါတယ်။

Photo Credit : Fs.United

အာမတ် ဒဏ်ရာအကြောင်း ထွက်ပေါ်မလာခင်မှာပဲ အသင်းက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အူဂါတေး မိန်နူး ကော်လီယာတို့က အသင်းရဲ့ training မှာ ဒဏ်ရာတွေ အသီးသီး ရရှိသွားခဲ့ကြပြီး ကွင်းလယ်လူ မိန်နူးကတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် (၂)ပတ်ကျော်လောက်အထိတောင် အနားယူသွားရနိုင်ပါတယ်။

ဒီလို ကွင်းလယ်လူ (၃)ဦးလုံး ဒဏ်ရာရနေချိန်မှာ အာမတ်ကပါ လေ့ကျင့်ခန်း အစီအစဉ်မှာပဲ ဒဏ်ရာ ထပ်မံရသွားတာက ယူနိုက်တက်အတွက် တော်တော်လေးကို နစ်နာစေရပြီး အာမတ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို တကယ်လို့ ဒဏ်ရာက မပြင်းထန်ဘူးဆိုရင်တောင် (၃)လလောက်အထိတောင် နားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

ဒီဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အာမတ်က သူ့အင်စတာဂရမ်မှာ “အသင်းအတွက် အရေးကြီးတဲ့အချိန်မှာ ဒီလိုစာမျိုး ရေးလိုက်ရလို့ အရမ်းစိတ်ပျက်မိပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်တော် ဒဏ်ရာရသွားလို့ အချိန်ခဏလောက်ကြာအောင် အနားယူရပါလိမ့်မယ်။ ကျွန်တော် အရင်ကထက် ပိုသန်မာလာပြီး ပြန်လာမှာပါ။ အခုက ကွင်းအပြင်ကနေ ကောင်လေးတွေကို အားပေးရမယ့်အချိန်ပါ။ အသင်းက ကစားဖို့ အများကြီးကျန်ပါသေးတယ်။” လို့ ရေးသားထားပါတယ်။

ယူနိုက်တက်က အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့ အခြေအနေတွေကြောင့် လူငယ်အသင်းက ကစားသမားလေးတွေကို စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ထည့်သွင်းထားပြီး အဲ့ဒီပွဲမှာ လူငယ်တိုက်စစ်မှူးလေး ချီဒို အိုဘီနဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကိုနေးတို့ပါ ပါဝင်ကစားခွင့်တွေ ရရှိနိုင်ဖွယ် ရှိနေပါတယ်။