စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြ ဇာဗီနဲ့ ဝါရင့် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်တို့ကတော့ သူတို့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီမှာ ကစားနေတဲ့ လီယွန်နယ် မက်ဆီကို ဘာစီလိုနာထံ ပြန်လာဖို့ နှိုးဆော် တိုက်တွန်းသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ၂နှစ် + အပို ၁နှစ် ဆိုတဲ့ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Marca

ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၃ဦး စာရင်းဝင်သူ မက်ဆီဟာ ဘာစီလိုနာရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံးဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ မက်ဆီဟာ သူ့ရဲ့ ငယ်ဘဝကလပ် ဘာစီလိုနာကို စွန့်ခွာခဲ့ရသလို နိုင်ငံသစ် ၊ အသင်းသစ် တခုဆီ ပြောင်းရွှေ့ခဲ့ရတဲ့ အတွက် အသားမကျမှုတွေကို ခံစားနေရကာ ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ဖူးတဲ့ ဒန်နီ အဲလ်ဗက်က မက်ဆီကို ဘာစီလိုနာဆီ ပြန်လာဖို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။ အဲလ်ဗက်က – “ကျွန်တော်က မက်ဆီ တယောက် ဘာစီလိုနာဆီ ပြန်လာဖို့ပဲ မျှော်လင့်ထားပါတယ်။ ပြီးတော့ မက်ဆီက ပြင်သစ်မြေမှာ ပျော်နေတယ်လို့ မထင်ပါဘူး။ သူက လွဲမှားတဲ့ နေရာတခုကို ရောက်နေတာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကလည်း မက်ဆီကသာ ဘာစီလိုနာဆီ ပြန်လာချင်ရင် ဝမ်းပန်းတသာ ကြိုဆိုသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။ ဇာဗီက – “ ကျွန်တော့်အတွက် မက်ဆီက ထာဝရ အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ ကျွန်တော်က ဘာစီလိုနာနည်းပြ အဖြစ် ဆက်ရှိနေသရွေ့ သူ့အတွက် တံခါးတွေ ဖွင့်ထားပေးပါတယ်။ တကယ်လို့ သူက နေ့တိုင်း အသင်းရဲ့ လေ့ကျင့်ခန်းတွေကို လာကြည့်ချင်တာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ စကားပြောချင်တာပဲဖြစ်ဖြစ် လုပ်ချင်ရင် သူ့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်” လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။