မကြာမီကမှ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဘရာဇီးလ် ဝါရင့် ညာနောက်ခံလူကြီး ဒါနီ အဲလ်ဗက်ကတော့ သူဟာ ကစားသမားဘဝ ကနေ အနားယူဦးမှာ မဟုတ်ပဲ အသက် ၅၀ အထိ ဘောလုံး ဆက်ကစားသွားမယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒါနီ အဲလ်ဗက်က ဘောလုံးသမိုင်းမှာ ဆုဖလား အများဆုံး ရထားတဲ့ ကစားသမား တဦး အဖြစ် ဆုဖလား ၄၃လုံးနဲ့ စံချိန်မှတ်တမ်း ဝင်ထားသူ ဖြစ်ပေမယ့် ယခုချိန်အထိ အောင်မြင်မှုတွေကို ဆာလောင်နေဆဲ ဝါရင့် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါနီ အဲလ်ဗက်က ယခုနှစ် အစမှာလည်း သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာထံ ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့ကာ အသင်းကို ကူညီပေးခဲ့ပြီး အဲလ်ဗက် ရောက်ရှိလာမှုနဲ့အတူ ဘာစီလိုနာရဲ့ ကွင်းတွင်း ၊ ကွင်းပြင် ပုံရိပ်နဲ့ ခြေစွမ်းတွေက တိုးတက်လာခဲ့တာကို အတိုင်းသား မြင်တွေ့ခဲ့ရသလို အဲလ်ဗက်က ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၇ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာက မီးစာကုန် ဆီခမ်း အရွယ်ကို ရောက်နေတဲ့ ဒါနီ အဲလ်ဗက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ မကမ်းလှမ်းခဲ့တာကြောင့် ယနေ့မှာပဲ အဲလ်ဗက်က တရားဝင် အသင်းလက်မဲ့ ကစားသမား ဖြစ်လာပြီး အဲလ်ဗက်ကတော့ သူဟာ မကြာခင်မှာ အသက် ၄၀ ပြည့်ဖို့ ရှိနေပေမယ့် ဘောလုံးကစားဖို့ စိတ်ကူးရှိနေဆဲ ဖြစ်သလို အသက် ၅၀ ပြည့်တဲ့ အထိ ဘောလုံးကန်သွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

အဲလ်ဗက်က – “ဒီနေ့က ကျွန်တော့်ရဲ့ ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံးနေ့ပါ။ ဒီနေ့ပြီးရင်တော့ ကျွန်တော်က အသင်းလက်မဲ့ ကစားသမား ဖြစ်ပါပြီ။ ကျွန်တော်က ဘရာဇီးလ်သား တယောက် ဖြစ်သလို “စိတ်ရူးပေါက်တတ်တဲ့ လူကြီး” လို့လည်း နာမည်ကြီးတဲ့သူပါ။ အခု ကျွန်တော်က အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်သလို ဆုဖလား ၄၃လုံးလုံးနဲ့ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး အောင်မြင်သူ အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်က ဖြစ်နိုင်ခဲ့မယ် ဆိုရင် အသက် ၅၀ ပြည့်တဲ့ အထိ ဘောလုံး ဆက်ကန်သွားဖို့ ရှိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။