စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဝါရင့် နောက်ခံလူ တဦး ဖြစ်သူ ဒန်နီ အဲလ်ဗက်ကတော့ တချိန်က သူနဲ့ အတွဲအဖက် ညီခဲ့ဖူးတဲ့ အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီကို ဘာစီလိုနာ အသင်းထံ ပြန်လာပြီး ကစားသမား ဘဝကို အဆုံးသတ်ဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ဘရာဇီးလ် ညာနောက်ခံလူ အဲလ်ဗက်ဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာမှ အသင်းလက်မဲ့ အနေအထား ကနေ အသင်းဟောင်း ဘာစီလိုနာ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာသူ ဖြစ်ပြီး အသင်းအတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ကာ သူ မအိုသေးကြောင်း သက်သေပြထားသူပါ။

Photo Credit: AS English

တဖက်မှာတော့ အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပရိသတ် အများစုကတော့ မက်ဆီကို အသင်းမှာသာ ကစားသမား ဘဝ အဆုံးသတ်တာကို မြင်ချင်ကြပြီး ဒန်နီ အဲလ်ဗက်ကလည်း သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းဆီ ပြန်လာသင့်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: AS English

အဲလ်ဗက်က – “မက်ဆီက ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားပါ။ သူ့ကို အသင်းရဲ့ လူစာရင်းမှာ မမြင်တွေ့ရတော့လို့လည်း ထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားနေရပါတယ်။ တခါတလေ တချို့ကိစ္စတွေက ကျွန်တော်တို့ ဖြစ်စေချင်သလိုမျိုး ဖြစ်လေ့ မရှိပါဘူး။ ကျွန်တော်က သူဟာ ဘာစီလိုနာ အသင်းထက် ပိုကောင်းတဲ့ နေရာမျိုးကို ရှာမတွေ့နိုင်တော့ဘူးလို့ ပြောထားပြီးသားပါ။ သူကလည်း အသင်းကနေ ကျွန်တော် ထွက်သွားတဲ့ အချိန်တုန်းက အဲ့ဒီလိုမျိုး ပြောခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့သာ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို ဒီအသင်းမှာပဲ အဆုံးသတ်ရင် အတော်လေးကို ကောင်းမှာပါ” လို့ အကြံပေးစကား ပြောသွားခဲ့တာပါ။