စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဝါရင့် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်ကတော့ သူနဲ့ အတွဲညီညီ ခြေစွမ်းပြခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီကို အိမ်ပြန်ချိန်တန်ပြီလို့ ပြောကြားရင်း ဘာစီလိုနာဆီ ပြန်လာဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ သူ ကစားသမား ဘဝတလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ကစားနေသူပါ။

Photo Credit: Mirror

မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝတခုလုံးကို ဘာစီလိုနာမှာသာ ကုန်ဆုံးချင်သူ ဖြစ်သလို ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း စိတ်ဆန္ဒပြင်းပျခဲ့ပေမယ့် ဘာစီလိုနာ ဘုတ်အဖွဲ့က အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် သူ့ကို စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်သာ မက်ဆီက ဘာစီလိုနာကို စွန့်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ အသင်းရဲ့ စပွန်ဆာအသစ်တွေကြောင့် ဘဏ္ဍာရေး ပြဿနာတွေကို အတော်အသင့် ဖြေရှင်းပြီး ဖြစ်သလို မက်ဆီကလည်း ပီအက်စ်ဂျီမှာ အသားကျကာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့်ပဲ မက်ဆီရဲ့ အချစ်ဆုံး သူငယ်ချင်းတဦး ဖြစ်သူ အဲလ်ဗက်က မက်ဆီကို ဘာစီလိုနာဆီ ပြန်လာဖို့ အကြံပေးခဲ့တာပါ။

Photo Credit: Mirror

အဲလ်ဗက်က – “ကျွန်တော်က မက်ဆီ ဘာတွေးနေသလဲ ဆိုတာရယ် ဘာလုပ်ချင်နေလဲ ဆိုတာရယ်ကို မသိပါဘူး။ ဒါပေမယ့် သူက ဘာစီလိုနာဆီ ပြန်လာပြီး ကျွန်တော်နဲ့အတူ ကစားသမား ဘဝ နောက်ဆုံး အခိုက်အတန့်တွေကို ကုန်ဆုံးသင့်ပါတယ်။ မက်ဆီ တယောက် ဘာစီလိုနာဆီ ပြန်လာဖို့ ဆိုတာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဘာစီလိုနာက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်နေရာထက်မဆို ပိုကောင်းတဲ့ နေရာတခုပါ။ ကျွန်တော်တို့ အားလုံးအတွက် ဘာစီလိုနာထက် ပိုကောင်းတဲ့ နေရာတခုကို ရှာမတွေ့နိုင်ပါဘူး။ အခုဆိုရင် မက်ဆီကလည်း ဒီအကြောင်းတွေကို သိပြီးလောက်ပါပြီ။ ဒါကြောင့် အိမ်ပြန်ချိန်တန်ပြီ မက်ဆီရေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။