စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဝါရင့် ညာနောက်ခံလူ အဲလ်ဗက်ကတော့ သူတို့ရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကံကောင်းလို့သာ ယခုနှစ် ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံ ဖြစ်တာလို့ ဆိုစီဒက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါပွဲစဉ်(၃၃) အဖြစ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ်မှူး အူဘာမီယန်းရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ ကနေ ရီးရဲလ်မက်ဒရစ်ကို လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ရမှတ် ကွာဟချက်က ၁၅မှတ် အထိ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ လက်ကျန် ၅ပွဲမှာ ရမှတ် ၅မှတ် စုဆောင်းနိုင်ရုံနဲ့ လာလီဂါချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ရှိနေပြီး ဘာစီလိုနာကတော့ ပွဲတိုင်းကို အနိုင်ရမှသာ လာလီဂါချန်ပီယံ ဖြစ်ခွင့်ကို မျှော်မှန်းနိုင်မှာပါ။

ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘာစီလိုနာရဲ့ ဝါရင့် နောက်ခံလူ ဒါနီ အဲလ်ဗက်က သူတို့ဟာ ရီးရဲလ်မက်ဒရစ်ကို လိုက်မှီဖို့ မလွယ်ကူတော့ကြောင်း ဝန်ခံသွားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ကံကောင်းလို့သာ သူတို့အသင်းကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံ ဖြစ်ခဲ့တာပါလို့ ဆိုသွားပါတယ်။

Photo Credit: Marca

အဲလ်ဗက်က – “ရီးရဲလ်မက်ဒရစ်က ဒီနှစ်မှာ အတော်လေးကို ကံကောင်းသွားခဲ့တာဗျ။ တကယ်လို့ ကျွန်တော်တို့သာ (သူနဲ့ ဇာဗီကို ရည်ညွှန်းလျက်) ဘာစီလိုနာဆီ စောစော ရောက်ခဲ့ရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းက အမြဲတမ်း မတူညီတဲ့ ပုံစံတွေနဲ့ ယှဉ်ပြိုင်သွားဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့က သူတို့ကို လိုက်မမှီတော့ပါဘူး။ ဒါက ဘဝပါပဲ။ ကျွန်တော်တို့တွေ အသင်းဆီ နောက်ကျမှ ရောက်လာခဲ့ပေမယ့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးနိုင်ခဲ့ပြီး အသင်းကိုလည်း ပြန်လည် ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ နောက်ကျမှ ရောက်လာတာက ရီးရဲလ်မက်ဒရစ်ရဲ့ ကံကောင်းမှု တခု ဖြစ်သွားခဲ့ပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။