ဘာစီလိုနာအသင်း ၊ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ညာနောက်ခံ ကစားသမားဟောင်း ဒန်နီအဲဗက် ကတော့ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်းသာမက ခြေစွမ်းပိုင်းမှာပါ ရုန်းကန်နေရတဲ့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမား မက်ဆီကို ထောက်ပံ့ကူညီမှုတွေ ပိုမို လုပ်ဆောင်သင့်တယ်လို့ အကြံပြုစကား ပြောကြားသွားခဲ့ပါတယ်။ စပိန်အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် ခြေစွမ်းပိုင်းအရ အတော်လေး ကို အားနည်းသွားခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ရှိတဲ့ ကစားသမားတွေထဲမှာ မက်ဆီ တစ်ဦးတည်းသာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit: AS English

အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ လက်ရ​ှိ လာလီဂါ ဘောလုံးရာသီမှာ ယခင် ရာသီတွေကလိုပဲ ကောင်းမွန်တဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး လာလီဂါပွဲစဉ် ၃၂ပွဲ ကစားထားရာမှာ ၂၃ဂိုး သွင်းယူထားပြီး ၂၀ဂိုး ဖန်တီးပေးထားနိုင်သူပါ​။ မက်ဆီဟာ လက်ရှိ ရာသီမှာ ဂိုးသွင်းနှုန်း ကျဆင်းခဲ့ရပေမယ့် ဖန်တီးမှုအပိုင်းမှာ တိုးတက်လာတာကြောင့် သူ့ရဲ့ ခြေစွမ်းပိုင်းဟာ အားနည်းသွားတယ်လို့ ဆိုလို့ မရပဲ အခြား ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း အားနည်းမှုကြောင့်သာ ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းဟာ မတည်မငြိမ် ဖြစ်နေတာပါ။ လက်ရှိမှာတော့ မက်ဆီရဲ့ အသင်းဖော်ဟောင်း အဲဗက်က မက်ဆီဟာ လူသားတစ်ဦး ဖြစ်တာကြောင့် သူ့ကို ကူညီထောက်ပံ့မှုတွေ ပေးမှသာ ပိုကောင်းတဲ့ ခြေစွမ်းတွေကို ထုတ်ပြနိုင်မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Photo Credit: AS English

မက်ဆီကို ဘာစီလိုနာအသင်းအနေနဲ့ ယခု ထက် ပိုမို ဖေးမ ကူညီသင့်ကြောင်းကို အဲဗက် က ” မက်ဆီဟာ အမြဲတမ်း အနိုင်ယူချင်သူ တစ်ဦးပါ။ သူဟာ ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ အသင်းက ရှုံးနိမ့်တဲ့ အချိန်တိုင်းမှာ သူဟာ ဒေါသထွက်လေ့ ရှိပါတယ်။ သူဟာ အမြဲတမ်း အနိုင်ရလဒ်ပ​ဲ လိုချင်တာပါ။ ကျွန်တော့်လိုပေါ့။ ကျွန်တော်တို့ဟာ အမြဲတမ်း အနိုင်ရလဒ်ကိုပဲ လိုချင်ကြတာပါ။ မက်ဆီဟာ ထိပ်တန်းခြေစွမ်း ကို အကြာကြီး ထိန်းသိမ်းထားနိုင်သူပါ။ ဒါကြောင့်ပဲ အသင်းတစ်သင်းဟာ ဘယ်အရာကို အဓိကထားပြီး လုပ်ရမလဲ ၊ ဘယ်အရာကိုတော့ စွန့်လွှတ်ရမလဲဆိုတာ သူ ကောင်းကောင်းကြီး သိပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ နှစ်တွေ အကြာကြီး ကုန်ဆုံးခဲ့သူပါ။ အတွေ့အကြုံတွေ အများကြီးကိုလည်း ရခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ဘာကို လိုအပ်လဲဆိုတာ သူ သိပါတယ်။ ကျွန်တော်ခံစားခဲ့ရသလိုပဲ သူ ခံစားခဲ့ရပါတယ်။ ဖေးမကူညီမှုတွေ လျော့နည်း သွားခဲ့တာကိုပေါ့။ ကျွန်တော် အမြဲတမ်း ပြောလေ့ ရှိပါတယ်။ မက်ဆီကို စားစရာတစ်ခုနဲ့ ပြောရမယ်ဆိုရင် သူဟာ အဓိက အစားအစာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပန်းကန်ထဲ ထည့်တဲ့အခါ တခြား ပါဝင်ပစ္စည်းတွေကိုလည်း ထည့်ရပါမယ်။ အခုချိန်မှာတော့ သူကပဲ အရာအားလုံးကို လုပ်နေရတယ်လို့ ကျွန်တော် ခံစား နေရပါတယ်။ ကျွန်တော်တို့ အားလုံး သတိပြုရမယ့် အရာတစ်ခု ရှိပါတယ်။ မက်ဆီဟာ လူသား တစ်ဦး ဖြစ်တယ် ဆိုတာပါပဲ ” လို့ ဆိုသွားခဲ့တာပါ။