အခု ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို မန်စီးတီးအသင်းကနေ ခေါ်ယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာပဲ နောက်ထပ် စပိန်တိုက်စစ်ကစားသမားဖြစ်သူ အဲဗာရိုမိုရာတာကို အငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်ထားပေမယ့် ခေါ်ယူနိုင်ဖို့က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ခေါ်ယူဖို့ လက်လျှော့သွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အသက်လက်တီကိုကနေ ဂျုဗင်တပ်စ်အသင်းနဲ့ အငှားစာချုပ်နဲ့ ပါဝင်ကစားနေခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်ရာသီ နည်းပြအယ်လီဂရီလက်အောက်မှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့ ရုန်းကန်နေရသလို အသင်းကလည်း လက်ရှိမှာ ဖီအိုရင်တီးနားအသင်းကနေ ဆာဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူတော့မှာ ဖြစ်တဲ့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒီလို အသင်းအပြောင်းအလဲ လုပ်ချင်နေတဲ့ မိုရာတာကိုလည်း ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က အသင်းအတွက် ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူသွားဖို့ ဆက်သွယ်လာခဲ့ပါတယ်။

Photo Credit : Juvefc

လာလီဂါပြိုင်ပွဲ အတွေ့အကြုံကောငး်တွေ အပြည့်အဝရှိနေတဲ့ မိုရာတာကို ဇာဗီက သူရဲ့ဘာစီလိုနာအသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး အသင်းရဲ့တိုက်စစ်မှာ မန်ဖစ်ဒီပိုင်းကို မနှစ်သက်တာကြောင့် မိုရာတာကို အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ အသုံးပြုချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ မန်စီးတီးကို အရခေါ်ယူနိုင်ခဲ့တဲ့ ဖယ်ရန်တောရက်စ်ကိုတောင် လာလီဂါမှာ ကစားသမား မှတ်ပုံတင်ဖို့အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသလို လက်ရှိအချိန်မှာ မိုရာတာကို ခေါ်ယူနိုင်မယ်ဆိုရင်လည်း ကစားသမား မှတ်ပုံတင်နိုင်ဖို့အတွက် အသင်းကနေ ကစားသမားတစ်ဦးခန့်ကို ထပ်မံလျော့ချသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိုရာတာရဲ့ မူရင်းကလပ်ဖြစ်တဲ့ အသက်လက်တီကိုဘက်က မိုရာတာကို နောက်ထပ် ကလပ်အသင်း တစ်ခုဆီကို ထပ်မံအငှားချသွားဖို့ ဆန္ဒမရှိတဲ့အပြင် ဂျုဗင်တပ်စ်အနေနဲ့ ဗလာဟိုဗစ်ကို ဆောင်းစျေးကွက်ရဲ့ Deadline မှသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မိုရာတာကို ဘာစီလိုနာဆီ တစ်ဆင့် ပြန်အငှားချဖို့အတွက် ဆောင်ရွှက်ရမှာ အချိန်မလုံလောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် လတ်တလော အနေအထားတွေအရတော့ ဘာစီလိုနာအနေနဲ့ မိုရာတာကို ရရှိဖို့က အတော်လေးကို ခက်ခဲနိုင်ပါတယ်။