ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ စပိန် ဘယ်နောက်ခံကစားသမား အဲလ်ဗာရို မိုရာတာဟာ လက်ရှိမှာတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ ရူဘင် အမော်ရင်နဲ့အတူ ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာနိုင်ခြေ ရှိနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်က ဒီရာသီအစပိုင်းမှာ ရလဒ်တွေ ကမောက်ကမ ဖြစ်နေမှုကြောင့် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်လိုက်ပြီး သူ့နေရာမှာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီလူမျိုး အသက် (၃၉)နှစ်အရွယ် ဘောလုံးနည်းပြ ရူဘင် အမော်ရင်နဲ့ ချက်ချင်း အစားထိုးခန့်အပ်လိုက်ပါတယ်
Photo Credit : Sky Sports
နည်းပြ အမော်ရင်က နည်းပြသက်တမ်း နုနယ်သေးတဲ့သူ ြ့ဖစ်ပေမယ့်လည်း စပို့တင်းကို ကိုင်တွယ်စဉ် နှစ်ပိုင်းလေးအတွင်းမှာပဲ အသင်းကို ပေါ်တူဂီ အမှတ်ပေး ချန်ပီယံဖလား (၂)ကြိမ်နဲ့ ပေါ်တူဂီ ရှုံးထွက်ဖလားတွေကို (၂)ကြိမ်အထိ ရယူပေးထားနိုင်သလို အသင်းကိုလည်း ပေါ်တူဂီမှာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်လာအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။
အမော်ရင်ရဲ့ စွမ်းဆောင်မှုတွေကြောင့် သူ့ကို ဒီနွေမှာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့က အလိုရှိခဲ့သလို ဝက်စ်ဟမ်းအသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် သိပ်မကြာခင်ကလည်း မန်စီးတီးနဲ့ သတင်းထွက်ခဲ့တဲ့ အမော်ရင်ဟာ အခုတော့ ယူနိုက်တက်အသင်း နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။
Photo Credit : beIN SPORTS
အမော်ရင်ဟာ ၃-၄-၃ ကစားကွက်ကို အသုံးပြုတက်သူဖြစ်လို့ ဘယ်ခြမ်းခံစစ် နေရာအတွက် လုခ်ရှော မာလာစီယာတို့လို ကြံခိုင်မှု အားနည်းတဲ့ ကစားသမားတွေထက် ဘင်ဖီကာကို ရောင်းချတုန်းက ပြန်လည် ခေါ်ယူခွင့်ပါ ထည့်သွင်းထားတဲ့ အသက် (၂၁)နှစ် ဘယ်နောက်ခံလူ ဖာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ ၂၀၂၀ကတည်းက ရီးယဲလ် မက်ဒရစ် လူငယ်အသင်းကနေ မန်ယူနိုက်တက်ဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လူငယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပါ ဆွတ်ခူးပေမယ့် ယူနိုက်တက် အသင်းကြီးမှာ နေရာမရလို့ ဘင်ဖီကာဆီ အငှားကနေမှ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖာနန်ဒက်ဇ်က ဘင်ဖီကာမှာ အထူးခြေစွမ်းပြသနေပြီး သူ့ကို ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေသလို ယူနိုက်တက်ကလည်း ပြန်လည် ခေါ်ယူချင်နေပါတယ်။