အသက်လက်တီကို မက်ဒရစ်အသင်းဟာ အသင်းတိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကို အေစီမီလန်အသင်းဆီ လက်လွတ်သွားရတော့မှာ ဖြစ်တာကြောင့် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် မန်စီးတီး တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ပိုမို အလိုရှိလာခဲ့တယ်လို့ သိရပါတယ်။

အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂရီးဇ်မန်း မိုရာတာ ဂျာအိုဖီးလစ် ကော်ရီယာ ဒီပိုင်းတို့ ရှိနေပေမယ့် ဒီပိုင်းက အသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သလို မိုရာတာကလည်း အေစီမီလန်ဆီ ပြောင်းရွှေ့ဖို့ သေချာနေသလို ဖီးလစ်ဟာလည်း ဘာစီလိုနာအသင်းဆီကိုသာ တစ်ခါတည်း အပြီးသတ် ပြောင်းချင်နေပါတယ်။

Photo Credit : Diario AS

ဒီလို တိုက်စစ်ကစားသမား (၃)ဦးအထိ လက်လွတ်သွားရတော့မယ့် အသက်လက်တီကိုဟာ အငှားကနေ အသင်းဆီ ပြန်ရောက်လာတော့မယ့် အိုမိုရိုဒီယွန် ရှိနေပေမယ့်လည်း တိုက်စစ်ပိုင်းကို ပိုမို တောင့်တင်းသွားစေဖို့အတွက် ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားချင်လာပါတယ်။

လက်ရှိ အသက်လက်တီကို အလိုရှိနေတဲ့ တိုက်စစ်ကစားသမားထဲမှာ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် အဲလ်ဗာရက်ဇ်က ထိပ်ဆုံးနေရာမှာ ရှိနေပြီး ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ်မှူး ကိုလို မူအာနီဟာလည်း အသက်လက်တီကိုရဲ့ တိုက်စစ်ရေဒါထဲမှာပါ ရှိလို့နေရပါတယ်။

Photo Credit : GazetaWeb

အသက်လက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီကတော့ သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ အဲလ်ဗာရက်ဇ်ကို ပိုမို အလိုရှိနေပြီး အသင်းဆီ ခေါ်ယူသွားနိုင်ဖို့လည်း ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ အသက် (၂၄)နှစ်အရွယ် ရေးဗားပလိတ် ကစားသမားဟောင်း အဲလ်ဗာရက်ဇ်ကတော့ မန်စီးတီးရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ပွဲကစားခွင့်တွေ ပိုပြီး ရရှိဖို့အတွက် အသင်းကနေ ထွက်ခွာသွားချင်နေပါတယ်။

အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးမြင့် တိုက်စစ်ကစားသမားတစ်ဦး ဖြစ်သလို မန်စီးတီးမှာလည်း (၂)ရာသီအတွင်း ပွဲပေါင်း (၁၀၀)ကျော် ကစားခဲ့ရင်း (၃၆)ဂိုးသွင်း (၁၈)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပေမယ့် အသင်းမှာ အာလင်း ဟာလန်းထက် ပုံမှန်ပွဲကစားခွင့် ရရှိဖို့က ခက်ခဲနေရတာကြောင့် အဲလ်ဗာရက်ဇ်နဲ့ မန်စီးတီးတို့ရဲ့ အခြေအနေကို အသက်လက်တီကိုဘက်ကနေ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။