MySport Myanmar

ဂွာဒီယိုလာရဲ့ အလှည့်ကျ အသုံးပြုတဲ့ ပုံစံကို အံ့အားသင့်မိခဲ့တယ်လို့ အဲလ်ဗာရက်ဇ် ဝန်ခံ

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ယူလီယန်အဲလ်ဗာရက်ဇ်က မန်စီးတီးအသင်းကို ပထမဆုံးအကြိမ် ရောက်ရှိချိန်တုန်းက အသင်းနည်းပြ ပက်ဂွာဒီယိုလာရဲ့ နည်းဗျူဟာတစ်ခုဖြစ်တဲ့ rotation system အလှည့်ကျ ကစားသမား အသုံးပြုမှုကို အံ့အားသင့်မိခဲ့ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

နာမည်ကျော် ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ ဂွာဒီယိုလာဟာ သူ့အသင်းမှာ ပွဲထွက်ကစားသမား (၁၁)ယောက်ကို ဘယ်တော့မှ တသမတ်တည်း အသုံးပြုတတ်သူ မဟုတ်ပဲ ပွဲတိုင်းလိုလိုမှာ ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်တတ်တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။ ဒီလို အမြဲတမ်း ကစားသမား အပြောင်းအလဲ လုပ်ဆောင်တတ်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ ဂွာဒီယိုလာဟာ ၂၀၂၁ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ကွင်းလယ်ခံစစ် ကစားသမား ဖာနန်ဒိုဟင်ကို အသုံးမပြုခဲ့ပဲ အရန်စာရင်းမှာသာ ထည့်သွင်းခဲ့လို့ ဝေဖန်မှုများစွာနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို အပြောင်းအလဲ များစွာ ပြုလုပ်တတ်တဲ့ နည်းပြဂွာဒီယိုလာနဲ့ ပတ်သတ်ပြီး အဲလ်ဗာရက်ဇ်က “ကျွန်တော် ဒီကို ရောက်မလာခင်မှာ ပက်ရဲ့ အလုပ်လုပ်ပုံကို ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ အလှည့်ကျ လှည့်ပတ်မှုတွေ ဘယ်လောက်တောင် ရှိနေသလဲဆိုတာကိုတော့ အံ့သြမိရပါတယ်။ ပက်က တူညီတဲ့ ကစားသမား (၁၁)ယောက်ကို တစ်ဆက်တည်း ဘယ်တော့မှ မရွေးချယ်ခဲ့ပါဘူး။ ဒါက ခင်ဗျားကို အမြဲတမ်း သတိရှိနေစေမှာ သေချာပြီး ခင်ဗျားသာ ကစားခွင့်ရလာမယ်ဆိုရင် ရာနှုန်းပြည့် စွမ်းဆောင်နိုင်ဖို့ အဆင့်သင့် ဖြစ်နေရစေမယ်ဆိုတဲ့ သတိမျိုး ရနေစေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဆောင်းရာသီကမှ ရေးဗားပလိတ်အသင်းကနေ မန်စီးတီးကို ပြောင်းရွေ့ခဲ့ပြီး ဒီရာသီမှသာ အသင်းနဲ့ စတင် ပူးပေါင်းနိုင်ခဲ့တဲ့ အဲလ်ဗာရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲ ကစားထားခဲ့ရပြီး အဲ့ဒီထဲကမှ (၁၁)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရကာ (၉)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်း ဟာလန်းက ဂိုးတွေကို ဆက်တိုက် သွင်းယူနေလို့ အဲလ်ဗာရက်ဇ်အနေနဲ့ ပွဲကစားခွင့်တွေ များများစားစား မရထားပေမယ့် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာတော့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ပြီး ပြိုင်ပွဲတိုင်းလိုလိုမှာ ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version