MySport Myanmar

ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ဇာဘီ အလွန်ဆို

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မှာ သူတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ် ၊ လက်ရှိမှာ ဂျာမန်နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ နည်းပြလည်း ဖြစ်တဲ့ ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က လက်ရှိမှာ အသင်းရဲ့ နည်းပြချုပ် အဖြစ် ဝါရင့်နည်းပြကြီး အန်ဆလော့တီကို ခန့်အပ် တာဝန်ပေးထားပေမယ့် အန်ဆလော့တီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက အန်ဆလော့တီရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြ တဦးကို လိုက်လံ ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက လေဗာကူဆင်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေပါတယ်။

အသက် ၄၁နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း အလွန်ဆိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လေဗာကူဆင်ကို ကိုင်တွယ်နေတာ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ လေဗာကူဆင်က ပြိုင်ပွဲစုံ ၄၄ပွဲ ကစားခဲ့ရာ ၂၃ပွဲနိုင် ၁၁ပွဲသရေ ၁၀ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါ့အပြင် အဆိုပါ ၄၄ပွဲမှာ လေဗာကူဆင်က ၉၈ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် အလွန်ဆိုရဲ့ တိုက်စစ်အားသန်တဲ့စိတ်ကို အတိုင်းသား မြင်တွေ့နိုင်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေကလည်း အဆိုပါစိတ်ကြောင့်ပဲ အလွန်ဆိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြတာပါ။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Radio Marcaရဲ့ ဖော်ပြချက်အရ အလွန်ဆိုဟာ လာမယ့်ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖို့ သဘောတူထားပြီး ရီးရဲလ်မက်ဒရစ်က ယခုရာသီ ကုန်ခါနီးမှာ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာဖွယ် ရှိတယ်လို့ သိရပါတယ်။

Exit mobile version