လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုက သူ့အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ထက် နောက်ထပ် အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်သွားဖို့ ပိုမို ဆန္ဒရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

စပိန် ဘောလုံးသမားဟောင်းကြီး အလွန်ဆိုက ဘောလုံးသမားဘဝက အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဂျာမန် နာမည်ကြီးကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit : Sky Sports

အခုတော့ အလွန်ဆိုက လေဗာကူဆင်မှာ ဘယ်သူမှ မထင်ထားလောက်အောင် တောက်ပလျက် ရှိနေပြီး အသင်းကိုလည်း ဂျာမန်ဘောလုံးလောကထဲ ပြိုင်ပွဲစုံ (၃၃)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိတဲ့ ပထမဆုံး ကလပ်အသင်း ဖြစ်လာအောင်ပါ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အလွန်ဆိုကို တော်တော်လေး စိတ်ဝင်စားနေကြတာဖြစ်ပြီး လတ်တလောမှာတော့ ရာသီအကုန်မှာ လက်ရှိ နည်းပြတွေနဲ့ လက်တွဲဖြုတ်ကြတော့မယ့် လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့က သူတို့ကစားသမားဟောင်း အလွန်ဆိုကို အပြိုင်စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း အလွန်ဆိုကတော့ ဒီအသင်းတွေရဲ့ စိတ်ဝင်စားနေမှုထက် ရီးယဲလ်အသင်း နည်းပြရာထူးကိုသာ ပိုမို ရယူသွားချင်နေတာကြောင့် ရာသီအကုန်မှာ အသင်းအပြောင်းအလဲ မလုပ်ဆောင်ပဲ ရီးယဲလ်နည်းပြရာထူး လစ်လပ်သွားမယ့် အချိန်ကိုသာ ဆက်လက် စောင့်ဆိုင်းဖွယ် ရှိနေပါတယ်။

ရီးယဲလ်အသင်းက လက်ရှိအသင်းနည်းပြကြီး ကားလို့ အန်ဆယ်လော့တီနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်ပြီး ရီးယဲလ်မှာ (၂)ရာသီလောက်အထိ ဆက်ရှိနိုင်တာမို့ အလွန်ဆိုလည်း သူရဲ့လက်ရှိကလပ် လေဗာကူဆင်မှာပဲ နောက် (၂)ရာသီထိ ဆက်ရှိနေပြီးမှ ရီးယဲလ်အသင်းနည်းပြအဖြစ် ဆက်ခန့်သွားဖွယ် ရှိနေပါတယ်။