မနေ့က လေဗာကူဆင်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်မှာ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်က လေဗာကူဆင်အသင်းသားတွေရဲ့ လုပ်ရပ်ဟာ ဂုဏ်သိက္ခာမရှိဘူးဆိုပြီး ဝေဖန်လာခဲ့ခြင်းအပေါ် လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုက ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

အိမ်ရှင် လေဗာကူဆင်အသင်းကတော့ ဒီပွဲစဉ်မှာ အသင်းရဲ့ လူစားဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟော့ဖ်မန်း ဘိုနီဖေ့စ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ ဝက်စ်ဟမ်းကို အလဲထိုးနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းဖို့ပါ အခြေအနေကောင်းသွားရပါတယ်။

Photo Credit : The Sun

ဒီပွဲမှာ နှစ်သင်းလုံးရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုကို တွေ့မြင်ခဲ့ရပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပါကေတာက လေဗာကူဆင် ကစားသမားတစ်ဦးကို ကစားပုံကြမ်းခဲ့ချိန်မှာ လေဗာကူဆင်ဟာ bench ထဲ ကစားသမားတွေ နည်းပြအဖွဲ့ဝင်တွေပါ ဝိုင်းဝန်း စောဒကတက်ခဲ့ပြီး ပါကေတာလည်း အဝါကတ်ထိလို့ နောက်တစ်ပွဲကို ပွဲပယ်ခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေဗာကူဆင်အသင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ လုပ်ရပ်ကို လုပ်ဆောင်သွားခဲ့တယ်လို့ ဝက်စ်ဟမ်းနည်းပြကြီး မိုရက်စ်က အပြင်းအထန် ဝေဖန်မှုခြင်းအပေါ် အလွန်ဆိုက ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : Reuters

“ကျွန်တော်ကတော့ ဒီဖျက်ထုတ်မှုဟာ အဝါကတ် ပြကိုပြခံရသင့်တဲ့ ဖျက်ထုတ်မှုလို့ ထင်ပါတယ်။ လုံးဝကို ထိုက်တန်ပါတယ်။ နောက်ပြီး ဒေးဗစ်ကလည်း ပွဲရဲ့ စတုတ္ထဒိုင်နဲ့ အကြိမ်ကြိမ် ငြင်းခုံနေတယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်လည်း ဒီအတိုင်းပါပဲ။”

“ဂုဏ်သိက္ခာမရှိဘူးဆိုတဲ့ စကားအပေါ်မှာတော့ ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့မှာက လုပ်ပိုင်ခွင့်တွေ ရှိတာပဲ။ သူလည်း သူရဲ့ bench နဲ့ ပတ်သက်ပြီး မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်က ဒေးဗစ်အပေါ်မှာ လေးစားမှု ရှိပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကတော့ မှန်ကန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပြိုင်ဘက်အသင်းရဲ့ bench ကိုတော့ အာရုံမထားသင့်ပါဘူး။” လို့ တုံ့ပြန်လိုက်ပါတယ်။