MySport Myanmar

လာမယ့်ရာသီ အန်ဆယ်လော့တီ နေရာမှာ အလွန်ဆို ရောက်လာဖွယ် ရှိနေ

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ရှိနေပြီး သူ့နေရာမှာ အသင်းက ကစားသမားဟောင်းလည်းဖြစ် လက်ရှိ လေဗာကူဆင်အသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ ဇာဘီ အလွန်ဆိုနဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။

အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး အန်ဆယ်လော့တီဟာ ရီးယဲလ်အသင်းကို နှစ်ကြိမ်တိုင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ရီးယဲလ်အတွက်ကိုလည်း ဆုဖလားတွေ အားလုံးကိုပါ ရယူပေးနိုင်ခဲ့သလို မနှစ်ကလည်း အသင်းအတွက် ချန်ပီယံလိဂ်ဖလား လာလီဂါဖလားနဲ့ စပိန်စူပါဖလားတွေပါ ရယူပေးခဲ့ပါသေးတယ်။

Photo Credit : Football Espana

ဒါပေမယ့် ဒီရာသီထဲမှာတော့ ရီးယဲလ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ league phase မှာ (၆)ပွဲကစား (၉)မှတ်သာ ရထားသေးပြီး အဆင့်(၂၀)ထိ ရောက်နေပြီး အုပ်စုအဆင့်နဲ့ လှည့်မပြန်ရဖို့ လက်ကျန်ပွဲတွေထဲ ရလဒ်ကောင်းဖို့ လိုအပ်နေသလို မဟာပြိုင်ဘက် ဘာစီလိုနာကိုလည်း လာလီဂါမှာရော စပိန်စူပါဖလား ဖိုင်နယ်မှာပါ ဂိုးပြတ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ရပါသေးတယ်။

ဒီလို အခြေအနေတွေကြောင့် နည်းပြကြီး အန်ဆယ်လော့တီရဲ့ အနာဂတ်က ဒီရာသီအတွင်းမှာပဲ လှုပ်ခတ်မှုတွေ ရှိနေခဲ့ရပေမယ့် ရီးယဲလ်ကတော့ အန်ဆယ်လော့တီနဲ့ ဒီရာသီ တစ်ခုလုံးကို ဆက်လက် ဖြတ်သန်းသွားချင်နေပြီး နည်းပြကြီး ကိုယ်တိုင်ကလည်း ရာသီကုန်အထိ ရီးယဲလ်နဲ့သာ လက်တွဲသွားချင်နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ရာသီကုန်မှာတော့ ရီးယဲလ်နဲ့ အန်ဆယ်လော့တီတို့က လက်တွဲဖြုတ်သွားဖို့ ရှိနေပြီး အန်ဆယ်လော့တီနေရာအတွက်ကိုလည်း လေဗာကူဆင်နည်းပြ အလွန်ဆိုနဲ့ ပြန်လည် အစားထိုးသွားဖို့ပါ စီစဉ်ထားပါတယ်။ အလွန်ဆိုဟာ ရီးယဲလ်အသင်းမှာ (၅)နှစ်ကြာ ပါဝင်ကစားခဲ့ဖူးပြီး ရီးယဲလ် ယူ-၁၄အသင်းမှာလည်း နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးပါတယ်။

ရီးယဲလ်အသင်းနဲ့ ခိုင်မာတဲ့ သံယောဇဉ်တွေ ဆက်ဆံရေးတွေ ရှိကြောင်း ဝန်ခံထားတဲ့ အလွန်ဆိုက လာမယ့်ရာသီမှာတော့ ရီးယဲလ်နည်းပြသစ် ဖြစ်လာဖို့ အတော်လေး ရေပန်းစားလို့နေပေမယ့် အလွန်ဆိုကတော့ လက်ရှိမှာ သူ့အသင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားမယ်လို့ ပြောဆိုထားပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီနေ့မှာပဲ မက်ဒရစ်ကို လာရောက်ပြီး အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကို ကစားသွားရပါမယ်။

Exit mobile version