လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ အလွန်ဆိုဟာ လာမယ့် ၂၀၂၄ခုနှစ် နွေရာသီမှာ သူ့အသင်းဟောင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်တို့ထဲကမှ တစ်သင်းသင်းကို ကိုင်တွယ်သွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

အလွန်ဆို နဲ့ လေဗာကူဆင်အသင်းတို့ စာချုပ်ချုပ်ဆိုခဲ့ရာမှာ ၂၀၂၄ခုနှစ် နွေရာသီ ကာလအတွင်း သူ့ကို သူ့အသင်းဟောင်း တစ်သင်းသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံပေးရမယ်ဆိုတဲ့ သဘောတူညီမှုကို ထည့်သွင်းထားခဲ့တာကြောင့် အလွန်ဆိုက သူ့အသင်းဟောင်း တစ်သင်းသင်းမှာ နည်းပြအဖြစ် ပြောင်းလဲ ဆောင်ရွက်ရဖွယ် ရှိနေပါတယ်။

Photo Credit : Eurosport

စပိန် လက်ရွေးစင် ကစားသမားဟောင်း အလွန်ဆိုဟာ ကစားသမားဘဝက အနားယူပြီးချိန် နည်းပြလောကထဲ ဝင်ရောက်လာခဲ့ရာ ဆိုစီဒက် အရန်အသင်း နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ မေလမှာ ဆိုစီဒက်နဲ့ လမ်းခွဲခဲ့ကာ အောက်တိုဘာလမှာတော့ လေဗာကူဆင်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။

နည်းပြ အတွေ့အကြုံ နုနယ်သေးပေမယ့်လည်း လေဗာကူဆင်အသင်းကို အကောင်းဆုံးပုံစံ ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် စပါးအသင်းကပါ ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့သေးပေမယ့် အလွန်ဆိုက လေဗာကူဆင်နဲ့ပဲ ဆက်လက် လက်တွဲခဲ့သလို ၂၀၂၆ခုနှစ်အထိပါ သက်တမ်းတိုးခဲ့ပါသေးတယ်။

Photo Credit : Sporting News

ဒီလို စာချုပ်သက်တမ်းတိုးခဲ့ရာမှာ အလွန်ဆိုက လာမယ့် ၂၀၂၄ခုနှစ် နွေရာသီအတွင်း သူရဲ့ကလပ် အသင်းဟောင်းတွေဆီကနေ နည်းပြသစ် ရာထူးအတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် လက်ခံပေးရမယ်ဆိုတဲ့ အချက်အလက်ကိုပါ စာချုပ်ထဲမှာ ထည့်သွင်း ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

လက်ရှိ သူ့အသင်းဟောင်းတွေထဲမှာ ရီးယဲလ် နဲ့ ဘိုင်ယန်တို့က လာမယ့်နှစ်အတွင်း နည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်သွားဖွယ် ရှိနေပြီး လတ်တလောမှာတော့ ရီးယဲလ် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီနေရာမှာ ဆက်ခံသွားရနိုင်ခြေ အရှိဆုံး ဖြစ်နေရပါတယ်။