လေဗာကူဆင်အသင်းနည်းပြ ဇာဘီ အလွန်ဆိုက လာမယ့် ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူပေးဖို့ လေဗာကူဆင်အသင်းထံ တောင်းဆိုထားတယ်လို့ အမေရိကန် အခြေစိုက် စပိန် အားကစားရုပ်သံ Fox Deportes ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုက လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကမှ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုဆို အယ်လ်နာဆာအတွက် ဘောလုံးရာသီ (၁)ရာသီခွဲအထိ ဖြတ်သန်းထားကာ ဂိုးများစွာလည်း သွင်းယူထားခဲ့ပါတယ်။

Photo Credit : Saudi World Football

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် (၁)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၆၈)ပွဲအထိ ကစားထားခဲ့ရာ သွင်းဂိုး စုစုပေါင်း (၆၂)ဂိုးအထိပါ သွင်းယူထားခဲ့ပြီး ဒီရာသီမှာလည်း ဆော်ဒီလိဂ်ပြိုင်ပွဲထဲ (၃၃)ဂိုးအထိ သွင်းယူထားတာကြောင့် ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုပါ ရရှိဖို့ သေချာသလောက်ကို ရှိနေရပါတယ်။

အရှေ့အလယ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တဲ့ ရော်နယ်လ်ဒိုကို သူရဲ့ ရီးယဲလ်မက်ဒရစ် အသင်းဖော်ဟောင်းကြီး အလွန်ဆိုက အခု သူ ကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းဆီ ခေါ်ဆောင်ဖို့ အလွန် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : SPORTbible

အလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ (၅၁)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာလည်း ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်အောင်ပါ လုပ်ဆောင်ပေးထားနိုင်ခဲ့သလို ယူရိုပါလိဂ်နဲ့ ပိုကယ်ဖလား ပြိုင်ပွဲတွေမှာ ဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်ထားခဲ့ပါတယ်။

လာမယ့်ရာသီမှာတော့ လေဗာကူဆင်က ချန်ပီယံလိဂ်ပြိုင်ပွဲကြီးပါ ဆင်နွဲရတော့မှာဖြစ်လို့ ချန်ပီယံလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး အသက် (၃၉)နှစ်အရွယ်အထိ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်ဆဲဖြစ်တဲ့ ရော်နယ်လ်ဒိုကို အသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ ၂၀၂၅ခုနှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အယ်လ်နာဆာကလည်း သူတို့အသင်းအတွက် အရေးပါဆုံးဖြစ်တဲ့ ရော်နယ်လ်ဒိုကို လက်လွတ်သွားဖွယ် မရှိပဲ အသင်းမှာသာ ဆက်ထိန်းသွားဖို့ ရှိနေပါတယ်။