ယခုနှစ် ဘောလုံးရာသီမှာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ကို ရှုံးပွဲ မရှိအောင် အကောင်းဆုံး ဦးဆောင်ပေးထားနိုင်တဲ့ ဇာဘီ အလွန်ဆိုက လာမယ့် နွေရာသီမှာ အသင်းပြောင်းဖြစ်ရင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးထက် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၄၂နှစ် အရွယ် စပိန်ဂန္တဝင် ကွင်းလယ်လူ ဇာဘီ အလွန်ဆိုက ကစားသမားဘဝမှာ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပြီး သူက လီဗာပူးနဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ စတင် ကျော်ကြားခဲ့ကာ ဘိုင်ယန်မြူးနစ်မှာ သူ့ရဲ့ ကစားသမား ဘဝကို အဆုံးသတ်ခဲ့တာပါ။

Photo Credit: Goal

အလွန်ဆိုက ကစားသမားဘဝ ကနေ အနားယူပြီးနောက် ငယ်ဘဝကလပ် ရီးရဲလ် ဆိုစီဒက်ရဲ့ လူငယ်အသင်းကို ကိုင်ကာ နည်းပြလောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ အလွန်ဆိုက လေဗာကူဆင်ရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးခံခဲ့ရပါတယ်။

ဇာဘီ အလွန်ဆိုက လေဗာကူဆင်ဆီ ယာယီနည်းပြ အဖြစ်သာ ရောက်လာခဲ့ပေမယ့် အချိန်တိုအတွင်းမှာ အသင်းကို တန်းဆင်းဇုန်ထဲ ကနေ ကယ်ထုတ်ကာ ယူရိုပါလိဂ်ဝင်ခွင့် ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် လေဗာကူဆင်က ယခုနှစ် ဘောလုံးရာသီ အစမှာပဲ သူ့ကို အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခဲ့သလို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့ပါတယ်။

ဇာဘီ အလွန်ဆိုက လေဗာကူဆင်ရဲ့ အမြဲတမ်း နည်းပြချုပ်ရာထူးကို ရယူပြီးနောက် အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ လေဗာကူဆင်က ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၂ပွဲဆက် ရှုံးပွဲ မရှိသေးပဲ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက် ရယူထားနိုင်သလို ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်နေပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်ရှိ နည်းပြတွေ ဖြစ်တဲ့ တူဟယ်လ် ၊ ကလော့ပ်တို့နဲ့ လမ်းခွဲတော့မယ့် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပြီး အလွန်ဆိုကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လေဗာကူဆင်ကို စွန့်ခွာဖို့ စဉ်းစားထားပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဇာဘီ အလွန်ဆိုက လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပိုမို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် လေဗာကူဆင်ကို စွန့်ခွာဖြစ်ရင် လီဗာပူးထက် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။