ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ လပိုင််းလောက်ရပ်နားလိုက်ရပြီး ပြန်လည်စတင်ချိန်မှာလည်း ပွဲစဉ်ဇယားတွေ အကုန်ကျပ်ကုန်ကြရသလို တချို့ကစားသမားတွေမှာလည်း ကိုဗစ်ပိုးကူးစက်ပြီး အသင်းအတွက် ရက်သတ္တပတ်အနည်းငယ်လောက် ပါဝင်ကစားနိုင်ခြင်းမရှိတာတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဒါတွေအပြင် ကိုဗစ်မတိုင်ခင်မှာ စီစဉ်ထားခဲ့တဲ့ အပြောင်းအရွှေ့တွေဟာလည်း ကိုဗစ်ပေါ်လာချိန်မှာတော့ အသင်းရဲ့စီးပွားရေးကျဆင်းလာမှုတွေကြောင့် ပျက်ပြယ်ခဲ့ရတာမျိုးတွေပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကတော့ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ ပါရာဂွေးလက်ရွေးစင် ကွင်းလယ်ကစားသမား မီဂွယ်အယ်မီရွန်ဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာခဲ့တဲ့ အသက်(၂၆)နှစ်အရွှယ် အယ်မီရွန်ဟာ နယူးကာဆဲလ်ကို စတင်ရောက်ရှိချိန်တုန်းက ခြေစွမ်းပြဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှ အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်လာခဲ့ပြီး သူရဲ့ခြေစွမ်းကောင်းတွေကိုလည်း ပြသလာနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း သူ့ကို လာလီဂါထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်ကနေ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်တယ်လို့ အယ်မီရွန်ရဲ့အေးဂျင့်ဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Goal

အေးဂျင့်ကမ်ပို့စ်ရဲ့ ပြောဆိုချက်အရ အသက်လက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက အယ်မီရွန်ကိုခေါ်ယူဖို့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တုုိင်ကလည်း သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် မြင့်တင်နိုင်ဖို့အတွက် စိတ်ဝင်စားနေတာကြောင့် အသက်လက်တီကိုရဲ့ ကမ်းလှမ်းချက်ကို လက်ခံမယ်အလုပ်မှာ ကိုဗစ်ကြောင့် ပျက်ပြယ်ခဲ့ရတာလို့ သိရပါတယ်။ ဒါပေမယ့် အေးဂျင့်ကမ်ပို့စ်ကတော့ ကိုဗစ်အခြေအနေတွေသာ ပြန်လည်တည်ငြိမ်သွားခဲ့မယ်ဆိုရင်တော့ သူရဲ့ကစားသမားအနေနဲ့ ကလပ်အသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ကစားနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နယူးကာဆဲလ်အသင်းကတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့အပြင် ပရိသတ်အချစ်တော်ပါ ဖြစ်လို့နေတဲ့ အယ်မီရွန်ကို အသင်းကနေ ရောင်းချသွားဖို့ လုံးဝဆန္ဒမရှိတဲ့အပြင် အယ်မီရွန်ကို ခေါ်ယူခဲ့စဉ်တုန်းကလည်း စာချုပ်ဖျက်သိမ်းကြေးကို မြင့်မားစွာ ချုပ်ဆိုထားခဲ့သလို ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိ ရှိနေသေးတာကြောင့် အသင်းက ပြောင်းရွှေ့ကြေးကို သူတို့အလိုရှိသလောက် တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ အယ်မီရွန်ဟာ လက်ရှိဘောလုံးရာသီမှာ နယူးကာဆဲလ်အတွက် ပြိုင်ပွဲစုံ(၁၀)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁)ဂိုး သွင်းယူထားခဲ့သလို (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။