ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ အယ်လစ္စတာက လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသလို လီဗာပူး ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အပြိုင် ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အယ်လစ္စတာက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်အောင် ကူညီထားနိုင်သလို ဘရိုက်တန်အတွက်လည်း ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

အယ်လစ္စတာက ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ်နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအရည်အသွေးနဲ့ လုပ်အားနှုန်း ကောင်းမွန်မှုတို့ကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အယ်လစ္စတာဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

အယ်လစ္စတာကလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ရခဲ့ပြီးနောက် သူဟာ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့နိုင်တဲ့ အရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားပြီလို့ ယုံကြည်နေတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဘရိုက်တန်က အယ်လစ္စတာ အတွက် ပေါင် ၆၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အယ်လစ္စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လီဗာပူးနဲ့ ချယ်လ်ဆီးတို့ဟာ အယ်လစ္စတာ အတွက် အကြို ကမ်းလှမ်းမှုတွေပါ အသီးသီး ပြုလုပ်ထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ၃သင်းစလုံးက အယ်လစ္စတာကို စိတ်ဝင်စားနေကြပေမယ့် လီဗာပူးနဲ့ ချယ်လ်ဆီး နှစ်သင်းထဲကသာ အယ်လစ္စတာ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး အယ်လစ္စတာကတော့ ချန်ပီယံလိဂ် ကန်ချင်တာကြောင့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ထဲက တသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။