ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ဟာ သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် ၂ဂိုးစီ သရေကျခဲ့သလို နာကျင်အချိန်ပို ဆက်ကစားခဲ့ရာမှာလည်း တဖက် ၁ဂိုးစီ သရေထပ်ကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ အာဂျင်တီးနားက ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပြင်သစ်ရဲ့ လက်ထဲကနေ လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်နဲ့ ၂၀၂၀ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ နှစ်သင်းစလုံးက အားသွန်ခွန်စိုက် ကြိုးစား ကစားသွားခဲ့ကြပြီး အာဂျင်တီးနားက ပထမပိုင်းမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၂ဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပြင်သစ်ကလည်း နောက်ဆုံးချိန် အထိ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ အာဂျင်တီးနား အတွက် ဦးဆောင်ဂိုး ၂ဂိုးကို ပွဲချိန် ၂၃မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် မက်ဆီ ၊ ပွဲချိန် ၃၆မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် ဒီမာရီယာတို့က သွင်းယူပေးခဲ့ကြပြီး အာဂျင်တီးနား ၂-၀ ပြင်သစ် ဖြစ်သွားချိန်မှာ ပွဲဟာ ပြီးဆုံးသွားခဲ့ပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြင်သစ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားနေတဲ့ အမ်ဘာပေရဲ့ မယုံနိုင်စရာကောင်းတဲ့ တိုးအားနဲ့ ရုန်းအားကြောင့် ပွဲချိန် ၈၀မိနစ်နဲ့ ၈၁မိနစ်တို့မှာ ပြင်သစ်က အရေးပါတဲ့ ချေပဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး ပြင်သစ်အတွက် ချေပဂိုး နှစ်ဂိုးစလုံးကို အမ်ဘာပေ တဦးထဲက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

သာမန် ပွဲကစားချိန် အတွင်း တဖက် ၂ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားရမှာလည်း အာဂျင်တီးနား အတွက် မက်ဆီက ၁ဂိုး ၊ ပြင်သစ်အတွက် အမ်ဘာပေက ၁ဂိုး ထပ်သွင်းနိုင်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ အာဂျင်တီးနားက ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အာဂျင်တီးနားက ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် အာဂျင်တီးနား ကွင်းလယ်လူ အယ်လစ္စတာက သူတို့အသင်းဟာ မက်ဆီကြောင့်သာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ရတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အယ်လစ္စတာက – “ကျွန်တော်တို့က မက်ဆီကြောင့် ကမ္ဘာ့ဖလားကို ရခဲ့တာပါ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ထင်ပါတယ်။ သူက ထာဝရအကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ သူက အရမ်းကို တော်တယ်။ ပြီးတော့ တဖက်သားအပေါ်လည်း ကောင်းပါတယ်။ သူက အရမ်းကိုလည်း နှိမ့်ချတတ်တယ်။ မက်ဆီမှာ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အရာတွေအားလုံး ရှိပါတယ်။ သူနဲ့အတူ အဝတ်လဲခန်း တခုထဲကို သုံးခဲ့ရလို့ အတော်လေး ပျော်ရွှင်မိပါတယ်။ ပြီးတော့ သူ့ကိုလည်း ကျေးဇူးတင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။