၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မက် အယ်လစ္စတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဂျင်တီးနား ၂-၁ ဩစတေးလျ ပွဲစဉ်မှာ အာဂျင်တီးနားကို အကောင်းဆုံး ဦးဆောင် ကစားသွားနိုင်တဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပွဲကြီးတွေဆိုရင် ပိုပို ကောင်းလာတတ်တဲ့ ကစားသမား တဦးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်ပွဲ အဖြစ် အုပ်စုCရဲ့ အုပ်စုဗိုလ် အာဂျင်တီးနားက အုပ်စုDရဲ့ ဒုတိယ ဩစတေးလျနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ၊ ဂျူလီယန် အယ်ဗာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဩစတေးလျကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

အာဂျင်တီးနား ၂-၁ ဩစတေးလျ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားရဲ့ တိုက်စစ်က ဩစတေးလျကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့သလို ဩစတေးလျရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အာဂျင်တီးနားရဲ့ ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ဒါပေမယ့် ပွဲကြီးတွေ ဆိုရင် သာမန်ထက် ပိုတဲ့ ခြေစွမ်းတွေ ပြတတ်တဲ့ မက်ဆီကြောင့်ပဲ အာဂျင်တီးနားက အသက်ရှူ ချောင်ခဲ့ပြီး မက်ဆီက အာဂျင်တီးနား အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပွဲချိန် ၃၅မိနစ်မှာ လှလှပပ သွင်းယူပေးခဲ့သလို အခွင့်အရေး ဖန်တီးမှု ၄ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါကြောင့် မက်ဆီရဲ့ အာဂျင်တီးနား အသင်းဖော် မက် အယ်လစ္စတာက မက်ဆီဟာ အရေးပါတဲ့ ပွဲတွေကို ရောက်ရင် ပိုပို ကောင်းလာတတ်တဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ အယ်လစ္စတာက – “လီယိုက အရေးပါတဲ့ အခိုက်အတန့်တွေကို ရောက်တိုင်း သူ့ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ အစွမ်းအစတွေကို အရှိန်အဟုန်နဲ့ ပြသတတ်တဲ့ ကစားသမားမျိုးပါ။ အဲ့ဒီလို အချိန်မျိုး ရောက်သွားရင် သူက အရင်ထက် ပိုပြီး ကောင်းလာပါတယ်။ ဒီလိုမျိုး ပွဲကြီးတွေဆိုရင် မက်ဆီရဲ့ ခြေစွမ်းက ပိုပို ကောင်းလာပါတယ်။ ဒါက ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အတွက် မက်ဆီက အရေးအကြီးဆုံး ကစားသမားပါ။ ဒါကိုလည်း သူ သိပါတယ်။ သိလို့လည်း သူက ကျွန်တော်တို့ကို တတ်နိုင်သလောက် ကူညီပေးနေတာပေါ့။ သူနဲ့ တွဲကစားနေရတာကိုက ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာပါ” လို့ မက်ဆီကို လှိုက်လှိုက်လှဲလှဲ ချီးကျူးသွားခဲ့တာပါ။

ဩစတေးလျကို နိုင်ခဲ့တဲ့ အာဂျင်တီးနားက တဖက်မှာ အမေရိကန်ကို အနိုင်ယူခဲ့တဲ့ နယ်သာလန်နဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိပါတယ်။