ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ဘရာဇီးလ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အယ်လီဆန်ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ အားလုံးကို ရရှိအောင် ပစ်မှတ်ထား ကြိုးစားနေတယ် လို့ ကြုံးဝါးသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေသေးသလို ကာရာဘောင်းဖလားကို ရယူဖို့လည်း အခြေအနေ ကောင်းနေပြီး အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ကိုလည်း ရယူနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Liverpool FC

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ကစားထားရာ ၆ပွဲနိုင် ၄ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၂၂မှတ် စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ရှိနေပြီး အဆင့်၁နေရာက ချယ်လ်ဆီးအသင်းနဲ့ ၄မှတ်သာ ကွာဟတာကြောင့် ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၄ပွဲကစား ၄ပွဲနိုင်ထားတာကြောင့် အုပ်စုအဆင့် ကနေ နောက်တဆင့်ကို အုပ်စု ပထမနေရာနဲ့ တက်ရောက်ထားနိုင်ပြီး ကာရာဘောင်း ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် အထိ ရောက်ရှိနေပါတယ်။

Photo Credit: Liverpool FC

ဒါကြောင့်ပဲ လီဗာပူးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အယ်လီဆန်က သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် ရရှိဖို့ တခုထဲ အတွက် ရည်ရွယ်ပြီး ကြိုးစားနေတာ မဟုတ်ကြောင်းနဲ့ သူတို့အသင်းဟာ ဖလား၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အယ်လီဆန်က – “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ် ဆုဖလားကို ပြန်ပြီး ရယူနိုင်ဖို့ ဆိုတာထက် ပိုကြီးမားပါတယ်။ ကျွန်တော်တို့တွေ ဆုဖလားတွေ အများကြီး ရယူချင်ပါတယ်။ ကျွန်တော်တို့က ယှဉ်ပြိုင် ကစားခွင့် ရထားတဲ့ ပြိုင်ပွဲအားလုံးရဲ့ ဆုဖလားတွေ အကုန်လုံးကို လိုချင်ပါတယ်။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလားကို လိုချင်တယ်။ ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲချင်တယ်။ အက်ဖ်အေဖလားကိုလည်း လိုချင်တယ်။ ကာရာဘောင်းပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့လို အသင်းမျိုးက ဆုဖလား ၄လုံးစလုံးကို တပြိုင်ထဲ ရယူနိုင်ဖို့ အမြဲတမ်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက တပွဲချင်းစီပဲ အာရုံစိုက်သင့်တယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့က လုပ်ရမယ့် အလုပ်တွေကို ၁၀၀ရာခိုင်နှုန်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။