ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ချန်ပီယံ အသင်း တစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ တနင်္လာ​ ညမှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ် မှာ အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ အယ်လီဆန်နဲ့ အသစ်စက်စက် ကွင်းလယ်လူ အယ်ကန်တာရာ တို့ကို လက်လွှတ်ရဖွယ် ရှိကြောင်း သိရပါတယ်။ လီဗာပူး အသင်းဟာ မနက်ဖြန် ည ၁ နာရီခွဲ အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် အာဆင်နယ် အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အာဆင်နယ် အသင်း ဟာ လတ်တလော မှာ ခြေစွမ်းထက် နေတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲက တစ်သင်း ဖြစ်တာကြောင့် လီဗာပူး အသင်းအနေနဲ့ အနိုင် ရရှိဖို့ ရေကုန်ရေခမ်း ကြိုးစား ကစားသွားရဖွယ် ရှိပါတယ်။

Photo Credit: Express

ဒါ့ကြောင့် လီဗာပူး အသင်းဟာ အာဆင်နယ် အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို လိုအပ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ အဓိက ဂိုးသမား အယ်လီဆန်နဲ့ ကွင်းလယ်လူ အယ်ကန်တာရာ တို့ဟာ ပါဝင်ဖို့ မရေမရာ ဖြစ်နေကြောင်း သိရှိ ထားရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Times သတင်းဌာနကတော့ အယ်လီဆန်နဲ့ အယ်ကန်တာရာ တို့ဟာ အာဆင်နယ် အသင်းနဲ့ ပွဲစဉ်ကို လွဲချော် ရဖွယ် ရှိနေပြီး ဘာအကြောင်းကြောင့် လွဲချော် ရမလဲ ဆိုတာကို လီဗာပူး အသင်းက ယခု အချိန်အထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးဘူးလို့ ဖော်ပြ ထားခဲ့ပါတယ်။

Photo Credit: Express

အာဆင်နယ် အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းကို အနိုင်ရရှိခဲ့စဉ်က အသေးစား ဒဏ်ရာ ရသွားခဲ့တဲ့ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပါဝင်နိုင်ဖို့ မရှိသလို အသင်းရဲ့ ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ မာတစ်ဟာလည်း ဒဏ်ရာကြောင့် အနားယူရဦးမှာ ဖြစ်တာကြောင့် အယ်လီဆန်နဲ့ အယ်ကန်တာရာ တို့ကိုသာ လက်လွှတ်ရပါက လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ကလော့ပ် အနေနဲ့ အနည်းငယ် အကျပ်ရိုက်ဖွယ် ရှိပါတယ်။ ဒါပေမယ့် သတင်းကောင်း တစ်ခုကတော့ လီဗာပူး အသင်းရဲ့ လူငယ် ခံစစ်မှူး ဖြစ်တဲ့ ဂိုးမက်စ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ မပါဝင် ခဲ့ပေမယ့် အာဆင်နယ် အသင်းနဲ့ ပွဲစဉ်မှာ ကျိန်းသေပေါက် ပါဝင် ကစားပေးနိုင်မှာ ဖြစ်ကြောင်း The Times သတင်းဌာနက ထပ်မံပြီး ဖော်ပြ သွားခဲ့ပါတယ်။