စပါးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီဟာ လက်ရှိအချိန်မှာ သူရဲ့အနာဂတ်အခြေအနေတွေက မတည်မငြိမ်ဖြစ်လို့နေရပြီး စပါးအသင်းအနေနဲ့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းကနေ သူတို့ရဲ့အသင်းသားဟောင်း ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူရာမှာ အလီကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ တစ်ရာသီအငှားချသွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် အခုလည်း အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အလီဟာ စပါးအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားပေးရသူဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရသလို ကြားရက်အတွင်းမှာလည်း ရီးရဲလ်အသင်းဆီ အငှားနဲ့ ပို့ဆောင်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ညမှာ ပလော့ဒစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာပါ ချန်လှပ်ထားခံခဲ့ရပါတယ်။

Photo Credit : Football365

မော်ရင်ဟိုကတော့ အလီဟာ လက်ရှိအချိန်မှာ ကြံခိုင်မှုအပိုင်းက အားနည်းလို့နေပြီး အဲဗာတန်နဲ့ပွဲမှာ လူစားလဲခဲ့ရတာလည်း အသင်းရဲ့နည်းစနစ်အပြောင်းအလဲကြောင့်သာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက စပါးအသင်းရဲ့ရုပ်သံမှတ်တမ်းဖြစ်တဲ့ “All or Nothing” အတွင်းမှာ အလီရဲ့ကစားပုံနဲ့ပတ်သက်ပြီး ပျင်းရိစရာကောင်းတယ်လို့ ဝေဖန်ပြစ်တင်ဖူးခဲ့တာကြောင့် မော်ရင်ဟိုနဲ့အလီတို့ရဲ့ကြားမှာ ဆက်ဆံရေးအပိုင်း အဖုအထစ်လေးတွေကတော့ ရှိလို့နေမှာ သေချာနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ အလီအပါအဝင် ကစားသမား(၈)ယောက်ခန့်က ဘူဂေးရီးယားနိုင်ငံကို လိုက်ပါနိုင်ဖို့ အဆင်မပြေဖြစ်နေတဲ့အတွက်ကြောင့်သာ ပလော့ဒစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲရဲ့လူစာရင်းအတွင်း ချန်လှပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အလီအပြင် နောက်ခံကစားသမားတွေဖြစ်ကြတဲ့ တိုဘီအယ်ဒါဝီရယ်နဲ့ ဆာဂျီအော်ရီယာတို့လည်း ဘူဂေးရီးယားကို လိုက်ပါသွားခြင်းမရှိသလို လူငယ်နောက်ခံလူတန်ဂါဂါမှာလည်း ဒဏ်ရာကနေ မသက်သာသေးတဲ့အတွက် အဆိုပါ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ဒုတိယအဆင့် ခြေစစ်ပွဲကနေ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီတစ်ဆင့်ကို ကျော်ဖြတ်နိုင်ပြီးမှသာ တတိယအဆင့်ကို ဆက်လက်ကျော်ဖြတ်ပြီး ယူရိုပါလိဂ် အုပ်စုအဆင့်ဆီ ရောက်ရှိလာမှာပဲဖြစ်ပါတယ်။