ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြဟိုဆေးမော်ရင်ဟိုရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးနေရတဲ့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီကတော့ သူရဲ့လက်ရှိအခြေအနေအပေါ်ကို စိတ်ကုန်လို့နေပြီး အခုဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာပဲ သူရဲ့ဆရာသမားဟောင်း မာရီစီယိုပိုချက်တီနို ကိုင်တွယ်လို့နေတဲ့ ပီအက်စ်ဂျီအသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ကစားနိုင်ဖို့အတွက် ယုံကြည်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အလီဟာ အသင်းနည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေလျက်ရှိနေသလို သူရဲ့ဒေါသတကြီး တုံ့ပြန်မှုတွေကြောင့်လည်း မော်ရင်ဟိုရဲ့ အမြင်မကြည်လင်မှုတွေနဲ့ပါ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အလီဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲသာ ပါဝင်ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင် စုစုပေါင်း မိနစ်(၇၄)မိနစ်လေးသာ ကစားခဲ့ရပါတယ်။ ဒါ့အပြင် အလီဟာ စပါးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အသင်းရဲ့လူစာရင်းအတွင်း ပါဝင်လာခဲ့ခြင်းမရှိတာကြောင့် အသင်းမှာ ဆက်လက်ရှိမနေချင်တော့ပဲ အခုဆောင်းစျေးကွက်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေပါတယ်။

Photo Credit : Sportslens

လတ်တလောမှာတော့ အလီကို သူရဲ့ဆရာဟောင်း ပိုချက်တီနိုကိုယ်တွယ်လျက်ရှိနေတဲ့ ပီအက်စ်ဂျီအသင်းက ဒီနှစ်ဘောလုံးရာသီအကုန်အထိ အငှားနဲ့ ခေါ်ယူသွားချင်နေပြီး အလီကိုယ်တိုင်ကလည်း သူ့ကို နေရာမပေးတဲ့ မော်ရင်ဟိုလက်အောက်မှာထက် ဆရာဟောင်း ပိုချက်တီနိုလက်အောက်မှာသာ သွားရောက်ကစားဖို့ ဆန္ဒရှိလို့နေပါတယ်။ ဒါပေမယ့် စပါးအသင်းဘက်ကတော့ အလီကို အငှားချသွားဖို့ ဆန္ဒမရှိသေးပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်ပေမယ့် တကယ်လို့သာ အငှားချလိုက်ရမယ်ဆိုရင်တော့ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်ကို အင်တာမီလန်အသင်းကနေ အငှားနဲ့ ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကတော့ မနှစ်က ဒီလိုအချိန်မှာပဲ စပါးကနေ အင်တာဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် နေရာအသစ်မှာ အခြေတကျ မရှိခဲ့ပဲ ရုန်းကန်နေရတာကြောင့် အသင်းက သူ့ကို ပြန်လည်လက်လွတ်ချင်နေပြီး အခုဆောင်းစျေးကွက်မှာပဲ အသင်းနဲ့ လမ်းခွဲရဖို့ ရာခိုင်နှုန်းများလို့နေပါတယ်။ လတ်တလောမှာလည်း အဲရစ်ဆင်ဟာ သူရဲ့အသင်းဟောင်း စပါးနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေပြီး အလီကိုသာ အသင်းကနေ ထွက်ခွာခွင့်ပြုရမယ်ဆိုရင် အဲရစ်ဆင်လည်း စပါးဆီကို ပြန်ရောက်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။