တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ၂ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အဲဗာတန်မှာတောင် နေရာရဖို့ ရုန်းကန်နေရတဲ့ ဒယ်လီ အလီဟာ တူရကီကလပ် ဘက်ဆစ်တပ်ဆီ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဒယ်လီ အလီက အမ်ကေဒွန်း ကနေ စပါးထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး အဲရစ်ဆင် ၊ ဟယ်ရီကိန်းတို့နဲ့ တွဲဖက်ကာ စပါးရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဒယ်လီ အလီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ၂၀၁၅-၂၀၁၆နဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ၂ရာသီဆက်တိုက် ရခဲ့ပါတယ်။

ဒါပေမယ့် ဒယ်လီ အလီရဲ့ ခြေစွမ်းတွေက ၂၀၁၇-၂၀၁၈မှ စတင်ကာ တစထက် တစ ကျဆင်းလာခဲ့ပြီး သူ့ရဲ့ လေ့ကျင့်ခန်းတွေကို အာရုံစိုက် မလေ့ကျင့်မှုနဲ့ အပျော်အပါး မက်မှုတို့ကြောင့်ပဲ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ စပါးကနေ အဲဗာတန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit: The Sun

ဒယ်လီ အလီက ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ စည်းကမ်းပိုင်း အားနည်းချက် ၊ ဘောလုံးအပေါ် ထားတဲ့ စိတ်ပါဝင်စားမှု လျော့နည်းလာခြင်းတို့ကြောင့် သူဟာ အဲဗာတန်မှာလည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ယခုအချိန်မှာတော့ အဲဗာတန်ကပါ ဒယ်လီ အလီကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်က ဒယ်လီ အလီကို တူရကီကလပ် ဘက်ဆစ်တပ်ဆီ တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့ အငှားချဖို့ ဆုံးဖြတ်လိုက်ပြီး ဘက်ဆစ်တပ်က အလီကို အပြီးသတ် ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၄.၅သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။