ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်(၆)မှာတော့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က အသင်းငယ် ဆလာနီတာနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် သရေတမှတ် ရဖို့တောင် နောက်ဆုံးမိနစ် အထိ အသည်းအသန် ကြိုးပမ်းခဲ့ရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ မှန်းထားသလောက် ရလဒ်ကောင်းတွေ မရသေးတဲ့ ဂျူဗင်တပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆလာနီတာနာနဲ့ ပွဲမှာလည်း ခြေစွမ်းပိုင်းအရ အသာစီး ရဖို့ကို အတော်လေး ရုန်းကန်ခဲ့ရပြီး ဆလာနိတာနာကတောင် ဂျူဗင်တပ်ကို ပထမပိုင်းမှာ ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါပေမယ့် ပွဲကစားချိန် ကြာလာတာနဲ့အမျှ ဂျူဗင်တပ်က အသင်းကြီး တသင်းရဲ့ ကစားပုံနဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသလာနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၁မိနစ်နဲ့ ၉၀+၃မိနစ်တွေမှာ နောက်ခံလူတွေ ဖြစ်ကြတဲ့ ဘရီမာနဲ့ ဘိုနူချီတို့ဟာ ဂျူဗင်တပ် အတွက် အဖိုးတန် ချေပဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်အနေနဲ့ အိမ်ကွင်းမှာ မျက်နှာမပျက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် ၉၀+၅ မိနစ်မှာတော့ ဂျူဗင်တပ်ရဲ့ တိုက်စစ်မှူး မီလစ်ခ်က သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဗဟိုခံစစ်မှူး ဘိုနူချီဟာ လူကျွံအနေအထားမှာ ရှိနေတာကြောင့် VARက မီလစ်ခ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့သလို ကွင်းလယ်ဒိုင်ကလည်း ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်ကာ အောင်ပွဲခံခဲ့တဲ့ မီလစ်ခ်ကို နှစ်ဝါ တနီ ပြကာ ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါ့အပြင် ဂျူဗင်တပ်ရဲ့ ညာနောက်ခံလူ ကွာဒရာဒိုနဲ့ ဆလာနီတာနာ ခံစစ်မှူး ဖာဇီယိုတို့ကလည်း မီလစ်ခ်ရဲ့ သွင်းဂိုးနဲ့ ပတ်သတ်ပြီး အချင်းများခဲ့တာကြောင့် ကွင်းလယ်ဒိုင်က နှစ်ဦးစလုံးကို အနီကတ်ပြကာ ထုတ်ပယ်ခဲ့ပြီး ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီဟာ စတုတ္ထဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာကြောင့် အနီကတ်နဲ့ ထပ်မံ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက သူတို့အသင်းဟာ VARနဲ့ ပတ်သတ်လာရင် ဘယ်တော့မှ ကံမကောင်းတတ်ကြောင်းနဲ့ VARကြောင့်သာ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာလို့ ပြောကြားသွားပါတယ်။ အယ်လီဂရီက – “ကျွန်တော်က မီလစ်ခ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘာကိုမှ မပြောချင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ကွင်းလယ်ဒိုင် မဟုတ်လို့ပါ။ ကျွန်တော့်အမြင်မှာတော့ ကွင်းလယ်ဒိုင်ဟာ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဂိုးနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ကျွန်တော်က ထောင့်ကန်ဘော မကန်ခင်မှာ ဘောလုံးရဲ့ အရှေ့မှာ ရှိနေတဲ့ ကန်ဒရီဗာဟာ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံကို ကြည့်ချင်ပါတယ်။ ပြီးတော့ ကန်ဒရီဗာရဲ့ နေရာကို မြင်ရမယ့် ဓာတ်ပုံလည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ VARနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ကျွန်တော်တို့က ဒီရာသီ အစထဲကပဲ VARနဲ့ ပတ်သတ်ရင် ကံမကောင်းတတ်ပါဘူး။ ကျွန်တော်က ဒါကိုပဲ ပြောနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။