အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ လက်ရှိ အီတလီ စီးရီးအေကို ဦးဆောင်နေတဲ့ မီလန်မြို့ခံ အသင်းနှစ်သင်းက ရမှတ်တွေ အသီးသီး လျော့ခဲ့ကြပေမယ့် သူတို့အသင်းက စကူဒက်တိုဖလားကို ရယူနိုင်စွမ်း မရှိတော့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အီတလီ စီးရီးအေပြိုင်ပွဲကို ဆယ်စုနှစ် တစုနီးပါး လွှမ်းမိုးနိုင်ခဲ့ဖူးတဲ့ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အီတလီရဲ့ ပြိုင်ဘက်ကင်း အသင်းတသင်း မဖြစ်တော့ပဲ သူတို့ရဲ့ ချန်ပီယံဘွဲ့ကိုလည်း အင်တာမီလန်ဆီ လွှဲပေးခဲ့ရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဂျူဗင်တပ်အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံဆုကို ပြန်လည် စိန်ခေါ်နိုင်လိမ့်မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် ဂျူဗင်တပ်ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပထမရာသီဝက်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

ဂျူဗင်တပ်ဟာ ယနေ့ည ၁၁နာရီ ၃၅မိနစ် အချိန်မှာတော့ စီးရီးအေ ပွဲစဉ်(၂၇) အဖြစ် အမ်ပိုလီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက သူတို့ဟာ စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတော့ကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: Standard

အယ်လီဂရီက – “အမ်ပိုလီနဲ့ပွဲမှာ မွိုက်ဆီကိန်းက ပွဲထွက် ကစားခွင့် ရနိုင်ပါတယ်။ တကယ်လို့ သူသာ ပါဝင် ကစားခွင့် ရခဲ့ရင် ဗလာဟိုဗစ်နဲ့ မိုရာတာတို့ နှစ်ယောက်ထဲက တယောက်ကို အနားပေးသွားမှာပါ။ အခုချိန်က ကျွန်တော်တို့တွေ အင်အား အကုန် သုံးပြီး ကြိုးစား ကစားရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ တကယ်တော့ စီးရီးအေ ချန်ပီယံဆုကို ရရှိဖို့ ဆိုတာ ကျွန်တော်တို့ အတွက် မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့က ချန်ပီယံလုဘက် မဟုတ်တော့ပါဘူး။ ကျွန်တော်ကတော့ စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ ဆိုရင် ရမှတ် ၈၅မှတ် အထိ ရယူနိုင်ဖို့ လိုမယ်လို့ ထင်ထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ရမှတ် ၈၅မှတ်ကို ရဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။