အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်(၂၉)မှာ ဆမ်ဒိုရီးယားကို အဝေးကွင်းမှာ အနိုင်ရရှိအောင် အဓိက ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး မိုရာတာကို ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အီတလီ စီးရီးအေကို ဆယ်စုနှစ် တစုနီးပါး ကြာအောင် လွှမ်းမိုးနိုင်ခဲ့တဲ့ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို အင်တာမီလန်ဆီ လွှဲပြောင်းပေးခဲ့ရသလို ယခုနှစ်မှာလည်း စီးရီးအေ ချန်ပီယံဆုကို ပြန်လည် ရယူနိုင်စွမ်း မရှိတော့သလို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေပါ။

Photo Credit: 90 Min

ဒါကြောင့်ပဲ လတ်တလောမှာ ရလဒ်ကောင်းတွေ ရနေတဲ့ ဆမ်ဒိုရီးယားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတဲ့ ပွဲစဉ်ဟာ ဂျူဗင်တပ် အတွက် ခက်ခဲတဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်ရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ မိုရာတာက ထူးရှယ် ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့်ပဲ ဂျူဗင်တပ်ဟာ အဝေးကွင်းမှာ ဆမ်ဒိုရီးယားကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်က ဆမ်ဒိုရီးယားကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မိုရာတာက သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့ပြီး ဆမ်ဒိုရီးယား နောက်ခံလူ ယိုရှီဒါရဲ့ ဂျူဗင်တပ် အတွက် လက်ဆောင်ဂိုး ၁ဂိုး ပေးခဲ့ကာ ဆမ်ဒိုရီးယား အတွက် သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၃မိနစ်မှာ လူစားဝင် ကွင်းလယ်လူ ဆာဘီရီက သွင်းယူပေးခဲ့တာပါ။

Photo Credit: 90 Min

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗလာဟိုဗစ်နဲ့ ဒိုင်ဘာလာတို့ မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး မိုရာတာကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး မိုရာတာက ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အယ်လီဂရီက – “အယ်ဗာရို(မိုရာတာ)က ဥရောပရဲ့ နည်းစနစ်ပိုင်း အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးပါ။ သူ့ကို အထောင်တိုက်စစ်မှူး နေရာမှာ ကစားခိုင်းလိုက်ရင် သူက ခြေစွမ်းပြနိုင်ဖို့ အနည်းငယ် ရုန်းကန်ရတတ်ပေမယ့် သူ့ကိုသာ တောင်ပံကို နည်းနည်း ထွက်ကစားခိုင်းလိုက်ရင် သူ့ရဲ့ ခြေစွမ်းကောင်းကို မြင်တွေ့ရပါလိမ့်မယ်။ သူက နေရာလွတ်တွေကို အသုံးချတဲ့ နေရာမှာ အတော်လေးကို ကျွမ်းကျင်တဲ့ တိုက်စစ်မှူးပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။