အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီရိုနာအသင်းနဲ့ ပွဲစဉ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ စီးရီးအေရဲ့ အလယ်အလတ်အသင်း ဖြစ်သွားပြီလို့ လူသိရှင်ကြား ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ဆုံးရှုံးထားရတဲ့ ဂျူဗင်တပ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး စီးရီးအေပြိုင်ပွဲမှာ ၁၁ပွဲ ကစားထားရာ ၄ပွဲနိုင် ၃ပွဲသရေ ၄ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၁၅မှတ်သာ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၉နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Goal

ဂျူဗင်တပ်အသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ်၁၁ အဖြစ် ဗီရိုနာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာမှာလည်း ခြေစွမ်းပိုင်း အသာစီးမရခဲ့ပဲ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ဗီရိုနာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက သူတို့အသင်းဟာ အလယ်အလတ်အသင်း ဖြစ်သွားပြီလို့ ဝန်ခံသွားခဲ့ပြီး အခုလို အခြေအနေဆိုးတွေ ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်ကြောင်း အသင်းသားတွေ သတိပေးသွားခဲ့ပါတယ်။

Photo Credit: Goal

အယ်လီဂရီက – “အခုချိန်မှာ စကားများများ ပြောတာက အဓိပ္ပါယ် မရှိပါဘူး။ ကျွန်တော်တို့က ဆိုးရွားတဲ့ အခြေအနေ တခုထဲ ကျရောက်နေပါတယ်။ ကျွန်တော်တို့က ပကတိ အရှိတရားကိုလည်း လက်ခံနိုင်ရပါမယ်။ အခုဆိုရင် ကျွန်တော်တို့က အလယ်အလတ်အသင်း တသင်း ဖြစ်နေပါပြီ။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက် ပြတ်သားရမယ်။ ပြီးတော့ အရည်အသွေးကောင်းတွေ ထုတ်ပြနိုင်ရပါမယ်။ အခြေအနေဆိုးထဲ ကနေ ရုန်းထွက်ဖို့ အတွက် ကျွန်တော်တို့တွေ ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်ပါတယ်။ အခုချိန်မှာ ရလဒ်ဆိုးတွေ အကြောင်း တွေးပြီး ဝမ်းနည်းနေလို့ မရပါဘူး။ ကျွန်တော်တို့က ဘာတွေ လုပ်ရမလဲ ဆိုတာကို အာရုံစိုက်ရမယ်။ ပြီးတော့ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားရပါမယ်” လို့ ပြောကြားခဲ့တာပါ။