အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိပြီးနောက် ဂျူဗင်တပ်အသင်းဟာ ချန်ပီယံဆု အတွက် ပြန်လာပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ စီးရီးအေ ပွဲစဉ်(၈) အဖြစ် ရိုးမားအသင်းကို အိမ်ကွင်း အလိုင်းယန့်ဇ်မှာ လက်ခံ ယှဉ်ပြိုင်ကစားခဲ့ရာ ငယ်မွေးခြံပေါက် တိုက်စစ်မှူး မွိုက်ဆီကိန်းရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Football Italia

ဂျူဗင်တပ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ခြင်း မရှိပေမယ့် အသင်းလိုက် စုစည်းမှု ၊ နံပါတ်တစ် ဂိုးသမား ဆက်ဇက်နီရဲ့ လက်စွမ်းကောင်းတွေကြောင့် အဖိုးတန် နိုင်ပွဲတပွဲ ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ရိုးမားအသင်းကို အနိုင်ရခဲ့တာဟာ သူတို့အသင်းရဲ့ ပွဲကို ချဉ်းကပ်တဲ့ နည်းစနစ် မှန်ကန်ခဲ့တာကြောင့် ဖြစ်ကြောင်းနဲ့ အဓိက ကစားသမား အများစု မကစားနိုင်ချိန်မှာ အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Football Italia

အယ်လီဂရီက – “ ကျွန်တော်တို့အသင်းက သူတို့အသင်းရဲ့ ကစားပုံကြောင့် ဒီနေ့ပွဲမှာ ကောင်တာ ကစားဟန်ကိုပဲ အားပြုကစားခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ ဘောလုံးကိုင် ကစားဖို့ ဆုံးဖြတ်ခဲ့ရင် ပွဲရဲ့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနေ့နိုင်ပွဲက အတော်လေးကို အရေးကြီးပါတယ်။ ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့ အမှတ်ပေးဇယားရဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ဒိုင်ဘာလာ ၊ ဒီလစ် ၊ ရာဘီယော့စ် ၊ မိုရာတာတို့ကို လွမ်းဆွတ်ခဲ့ရပေမယ့် ကျန်တဲ့ ကစားသမားတွေကလည်း အသင်းလိုက် စုစည်းမှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သွင်းဂိုးတွေ ခွင့်မပြုခဲ့ရတာပါ။ ကျွန်တော်တို့ ပွဲကို နှေးနှေးကွေးကွေးပဲ စတင်နိုင်ခဲ့ပါတယ်။ နောက်တခါမှာတော့ ကျွန်တော်တို့ ဒီထက် ပိုမြန်တဲ့ အရှိန်အဟုန်ကို လိုအပ်ပါတယ်။ ရာသီအစမှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် တချို့ကြောင့် အသင်းက အနည်းငယ် ရလဒ်ပိုင်းတွေ ယိမ်းယိုင်ခဲ့ရပါတယ်။ ဒါကိုလည်း ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်က ကစားသမားတွေရဲ့ အခြေအနေကို နားလည်သွားပါပြီ။ ဒီတော့ ကျွန်တော်တို့ ပြန်လာပါပြီ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။