အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အတ္တလန်တာအသင်းကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ယခုနှစ်ရဲ့ စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတော့ကြောင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အီတလီ စီးရီးအေ ချန်ပီယံဆုကို အကြိမ်ရေ အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို အင်တာမီလန်အသင်းထံ လွှဲပြောင်း ပေးခဲ့ရသလို ယခုနှစ်မှာလည်း ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့နေပါတယ်။

Photo Credit: Goal

ဂျူဗင်တပ်အသင်းဟာ အတ္တလန်တာအသင်းကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာ အထိ ကျဆင်းသွားခဲ့ပြီး အဆင့်၁နေရာက နာပိုလီအသင်းထက် တပွဲပို ကစားထားကာ ရမှတ် ၁၁မှတ် အထိ ကွာဟနေပါတယ်။

ဒါကြောင့်ပဲ ဂျူဗင်တပ်အသင်းအနေနဲ့ ယခုနှစ်ရဲ့ စီးရီးအေ ချန်ပီယံဆုကို ရရှိဖို့ ခက်ခဲသွားပြီ ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်လာကာ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီကလည်း အဆိုပါ သုံးသပ်မှုတွေကို လက်ခံသွားခဲ့ပြီး သူတို့အသင်းရဲ့ အဓိက ရည်မှန်းချက်ဟာ အဆင့်၄အတွင်း ဝင်ရောက်ရေးသာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Goal

အယ်လီဂရီက – “ကျွန်တော်တို့မှာ အရမ်းကို ကောင်းမွန်တဲ့ လူစာရင်း တခု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဂိုးသွင်းယူဖို့ ခက်ခဲတဲ့ အချိန်တွေလည်း ရှိနေပါတယ်။ လူတွေကတော့ ရာသီစထဲက ကျွန်တော်တို့အသင်းဟာ စကူဒက်တိုဖလားကို ရယူနိုင်ဖို့ အတောင့်တင်းဆုံး လူစာရင်း ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီစကားတွေက မမှန်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အဆင့်၄အတွင်း ဝင်ရောက်ရေးပါပဲ။ ဒီညပွဲနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ ကစားသမားတွေကို ဆူစရာတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီညမှာ သူတို့တွေက အရာအားလုံး ပေးဆပ်ခဲ့ကြလို့ပါ။ ဒါကြောင့်ပဲ သူတို့ရဲ့ ကြိုးစား အားထုတ်မှု အတွက် ကျွန်တော့်ဘက်က သူတို့ကို ဂုဏ်ပြုချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။