အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ နည်းပြချုပ် ဖြစ်သူ အယ်လီဂရီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၂၀)မှာ မွန်ဇာကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ် ၁၅မှတ်လျှော့ ပြစ်ဒဏ် ကျခံခဲ့ရတာကြောင့် သူတို့အသင်းဟာ အမှားတွေ ထပ်လုပ်လို့ မရတော့ကြောင်းနဲ့ ရလဒ်တွေသာ ဆိုးဝါးနေမယ် ဆိုရင် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း  ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။

ဂျူဗင်တပ်က စီးရီးအေ ပွဲစဉ်(၂၀) အဖြစ် မွန်ဇာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ အယ်လီဂရီက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဂျူဗင်တပ်ဟာ အနိုင်ရလဒ်ကို ရခဲ့ခြင်း မရှိပဲ ဧည့်သည် မွန်ဇာရဲ့ သွင်းဂိုးတွေကိုသာ ခွင့်ပြုခဲ့ရပါတယ်။

Photo Credit: Keep Up

ဂျူဗင်တပ် ၀-၂ မွန်ဇာ ပွဲစဉ်မှာ ဂျူဗင်တပ်က ဂိုးပေါက် ကန်သွင်းခွင့် ၂၂ကြိမ် အထိ ရခဲ့ပေမယ့် သူတို့အသင်း ရခဲ့တဲ့ အခွင့်အရေးတွေထဲမှာ အများစုက ဂိုးရရှိနိုင်ချေ နည်းပါးတဲ့ အခွင့်အရေးတွေ ဖြစ်ခဲ့ပြီး မွန်ဇာကတော့ တပွဲလုံးနီးပါး ခံစစ်အထိုင် ဆော့ခဲ့ရပေမယ့် ဂိုးပေါက်ကန်သွင်းခွင့် ၃ကြိမ် ကနေ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ မွန်ဇာအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၈မိနစ်မှာ ညာအစွန်လူ စီယာရီရာနဲ့ ပွဲချိန် ၃၉မိနစ်မှာ တိုက်စစ်မှူး မိုတာတို့က သွင်းယူပေးခဲ့ကြတာပါ။

အိမ်ကွင်းမှာ မွန်ဇာကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဂျူဗင်တပ်က အမှတ်ပေးဇယားရဲ့ အဆင့်၁၃နေရာ အထိ ရောက်ရှိသွားခဲ့သလို တန်းဆင်းဇုန်နဲ့ ရမှတ် ၁၁မှတ်သာ ကွာဟတော့ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ သူတို့အသင်းဟာ တန်းဆင်းဇုန် အန္တရာယ်နဲ့ မရင်ဆိုင်ချင်ရင် လာမယ့်ပွဲတွေမှာ ရမှတ်တွေ ထပ်မံ ဆုံးရှုံးလို့ မရတော့ကြောင်း ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။

Photo Credit: Keep Up

အယ်လီဂရီက – “ကျွန်တော်တို့က ရမှတ် ၃၈မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့မှာ ရမှတ် ၂၃မှတ်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့က လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ရပါတော့မယ်။ ကျွန်တော်တို့က စီးရီးအေပြိုင်ပွဲမှာ ကျန်နေခဲ့အောင် ရမှတ်တွေ သေချာပေါက် စုဆောင်းနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေတွေ အားလုံးက ကပြောင်းကပြန် ဖြစ်သွားပေမယ့် (ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရာ ကနေ တန်းဆင်းဇုန်နဲ့ ဝေးအောင် ကြိုးစားနေရမှုအား ရည်ရွယ်လျက်) ကျွန်တော်တို့က လက်ရှိ အခြေအနေကို အာရုံစိုက်ထားရပါမယ်။ ကျွန်တော်တို့တွေက ကိုယ့်အခြေအနေကို ကိုယ်တိုင် သိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဆိုးရွားတာတွေ ဖြစ်လာနိုင်ချေ ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။