အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၂၆)မှာ ခါးသီး မြိုခံပြိုင်ဘက် တိုရီနိုကို အိမ်ကွင်းမှာ သရေရလဒ် ရရှိအောင်သာ ကစားနိုင်ခဲ့ပေမယ့် ကျေနပ် ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်း ဖြစ်ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ထက် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုသာ အဓိကထား ယှဉ်ပြိုင်နေရပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ တူရင်ဒါဘီမှာ ဂျူဗင်တပ်အနေနဲ့ မြို့ခံပြိုင်ဘက် တိုရီနိုကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ပေမယ့် တိုရီနို အသင်းခေါင်းဆောင် ဘယ်လော့တီရဲ့ လှပတဲ့ ချေပဂိုးကြောင့် တဖက် တဂိုးစီ သရေရလဒ်သာ ရရှိခဲ့ပြီး ရမှတ် တမှတ်စီ ခွဲဝေယူခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်အနေနဲ့ တိုရီနိုကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေး ဖြုန်းတီးမှု ၊ ပွဲပြီးခါနီးမှာ အာရုံစိုက်မှု လျော့နည်းခဲ့တာတွေကြောင့် သွင်းဂိုးတွေ များများစားစား သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit: Football Italia

ပွဲပြီးဆုံးချိန်မှာတော့ ဂျူဗင်တပ် နည်းပြဖြစ်သူ အယ်လီဂရီက သူတို့အသင်းအနေနဲ့ အိမ်ကွင်းမှာ သရေရလဒ်သာ ရခဲ့ပေမယ့် ရမှတ် ၁မှတ် အတွက် ပျော်ရွှင်မိကြောင်းနဲ့ အသင်းရဲ့ ကစားပုံကလည်း ကောင်းမွန်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

အယ်လီဂရီက – “ဒီနေ့ပွဲမှာ သရေတမှတ် ရခဲ့လို့ ကျေနပ်မိပါတယ်။ ဒီရလဒ်က မျှတတဲ့ ရလဒ်တခုပါ။ ဒီပွဲမှာ ရမှတ် ၁မှတ် ရခဲ့တာကြောင့် အခုချိန်က ပြီးခဲ့တဲ့ ၂လ ၊ ၃လ အတွင်းမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အချိန်တခုလို့ ပြောလို့ရပါတယ်။ ဒီနေ့ပွဲက လွယ်ကူတဲ့ ပွဲတပွဲတော့ မဟုတ်ခဲ့ပါဘူး။ ဒီပွဲမှာ တိုရီနိုနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းက အနည်းငယ် အားနည်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ပွဲကောင်းတပွဲကို ကစားနိုင်ခဲ့ပါတယ်။ မှန်တာ တခုကို ပြောရရင် ကျွန်တော်တို့တွေရဲ့ ခြေစွမ်း အကောင်းဆုံး အနေအထားကို ရောက်နေတဲ့ အချိန်ကျမှပဲ ချေပဂိုး ခွင့်ပြုလိုက်ရတာပါ။ ပထမပိုင်းမှာတော့ သူတို့ရဲ့ ခြေစွမ်းပိုင်းက ကျွန်တော်တို့ထက် ပိုပြီး ကျစ်လျစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ ရလဒ်နဲ့ ပတ်သတ်ပြီး ပျော်ရွှင်မှု ရှိပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။