အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်(၂၅)မှာ အတ္တလန်တာကို နောက်ကျ ချေပဂိုးနဲ့အတူ ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ အီတလီ ဘောလုံးလောကကို ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုနီးပါး လွှမ်းမိုးနိုင်ခဲ့တဲ့ အသင်းတသင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်လာရပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

Photo Credit: Daily Mail

ဂျူဗင်တပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေ စကူဒက်တို ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ မလွယ်ကူတော့သလို လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ အတွက် အတ္တလန်တာ ၊ လာဇီယို ၊ ရိုးမား စတဲ့ အသင်းတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အတ္တလန်တာနဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်ဟာ နှစ်သင်းစလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပြီး အတ္တလန်တာက ကွင်းလယ်လူ မာလီနော့ဗ်စကီရဲ့ သွင်းဂိုးနဲ့ ပွဲကို အနိုင်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဂျူဗင်တပ် နောက်ခံလူ ဒါနီလိုရဲ့ ပွဲကစားချိန် ၉၀+၂မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ နှစ်သင်းစလုံးက ရမှတ် တမှတ်စီ အညီအမျှ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အတ္တလန်တာကို ရှုံးနိမ့်နေရာ ကနေ နောက်ကျချေပဂိုးကြောင့် သရေတမှတ် ရခဲ့တဲ့ အပေါ် ပျော်ရွှင်မိကြောင်းနဲ့ ဒီသရေတမှတ်က သူတို့အသင်း အတွက် အရေးပါတဲ့ ရမှတ် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အယ်လီဂရီက – “ကျွန်တော်တို့တွေ ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ ပွဲတပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဒါက အတော်လေး စိတ်ပျက်စရာ ကောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့က အဆုံးသတ် ဂိုးသွင်းယူရမယ့် အခြေအနေကို ရောက်သွားရင် အမှားတွေ အများကြီး ကျူးလွန်ခဲ့ကြပါတယ်။ ပထမပိုင်း ပြီးဆုံးဖို့ ၃မိနစ်လောက်ပဲ လိုတော့တဲ့ အချိန်တွေမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်။ အတ္တလန်တာက တန်ပြန်တိုက်စစ်ကိုပဲ အားပြု ကစားခဲ့ရပြီး မာလီနော့ဗ်စကီက ပြစ်ဒဏ်ဘော ရအောင် လှလှပပ ကစားပြသွားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ သွင်းဂိုးကလည်း တကယ်ကို လှပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဒါနီလိုက ကောင်းမွန်ဆုံး အဆုံးသတ်မှုနဲ့ အတူ ကျွန်တော်တို့ အတွက် သရေတမှတ် ယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အတ္တလန်တာက အတော်လေး ဖိအားပေး ကစားခဲ့တဲ့ အတွက် ကျွန်တော်တို့တွေ မြန်ဆန်တဲ့ ပေးပို့မှုတွေ လုပ်ခဲ့ရပါတယ်။ ဒီနေ့ပွဲက ပရိသတ်တွေ အတွက် ကြည့်လို့ ကောင်းတဲ့ ပွဲတပွဲပါ။ ဒီနေ့ပွဲမှာ ရခဲ့တဲ့ သရေတမှတ်က ကျွန်တော်တို့ အတွက် အတော်လေးကို အရေးပါတဲ့ ရမှတ်ပါ။ ကျွန်တော်တို့တွေ အနိုင်ပဲ လိုချင်ခဲ့ပေမယ့် အတ္တလန်တာက အသင်းကောင်း တသင်း ဖြစ်တာကြောင့် မရှုံးနိမ့်ခဲ့တာကိုပဲ ကျေနပ်မိပါတယ်” လို့ ပြောကြားခဲ့တာပါ။