အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စူပါဖလားပွဲစဉ်မှာ ပြိုင်ဘက် အင်တာမီလန် အသင်းကို ပွဲပြီးခါနီး ၅စက္ကန့် အလိုမှာ ပေးလိုက်ရတဲ့ သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရတဲ့ အပေါ် အတော်လေးကို မယုံကြည်နိုင်အောင် ဖြစ်နေတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီတလီ စူပါဖလား ဗိုလ်လုပွဲအဖြစ် အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ အင်တာမီလန်အသင်းက ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ဂျူဗင်တပ်အသင်းကို အနိုင်ယူပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပထမဦးဆုံး ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၂၅မိနစ်မှာပဲ ကွင်းလယ်လူ မက်ကန်နေးက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ကြာကြာ မခံခဲ့ပဲ ပွဲကစားချိန် ၃၅မိနစ်မှာတော့ အင်တာမီလန်ဘက်ကို ပင်နယ်တီ ပြန်ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်က အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

၁-၁ ဖြစ်သွားပြီး နောက်ပိုင်း နှစ်သင်းစလုံးဟာ အနိုင်ဂိုးကို ရရှိဖို့ အကြိတ်အနယ် ကြိုးစားခဲ့ကြပေမယ့် သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ချိန်မှာ သွင်းဂိုးတွေ ထပ်မံ မသွင်းယူနိုင်ခဲ့တာကြောင့် နာကျင် အချိန်ပို မိနစ် ၃၀ကို ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။ နာကျင်အချိန်ပိုကို ရောက်ရှိချိန်မှာလည်း နှစ်သင်းစလုံးက သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ဖို့ ခက်ခဲနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရတော့မယ်လို့ ထင်မှတ်ခဲ့ပေမယ့် ပွဲပြီးဆုံးဖို့ ၅စက္ကန့်သာ လိုအပ်တော့တဲ့ အချိန်မှာ ဆန်းချက်ဇ်က အင်တာမီလန်အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Standard

ဆန်းချက်ဇ်ရဲ့ အဖိုးတန် အနိုင်ဂိုးကြောင့် အင်တာမီလန်အသင်း အနေနဲ့ အီတလီ စူပါဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ပွဲပြီးခါနီး ၅စက္ကန့် အလိုမှာ အနိုင်ဂိုး ခွင့်ပြုပေးလိုက်ရတဲ့ အတွက် နတ်ဆိုးပြုစားသလို ခံစားနေရကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အယ်လီဂရီက – “ဒီပွဲက တကယ်ကို ပွဲကြီးပွဲကောင်း တပွဲပါ။ ပြီးတော့ ကျွန်တော်တို့က ဘယ်လို အဆင့်အတန်းမျိုးမှာ ရှိနေလဲ ဆိုတာကို စမ်းသပ်ခွင့် ရခဲ့တဲ့ ပွဲတပွဲဆိုရင်လည်း မမှားပါဘူး။ ကောင်လေးတွေက ဒီနေ့ပွဲမှာ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ နတ်ဆိုးတကောင်က ဘောလုံးအားကစားကို တီထွင်ခဲ့တဲ့သူ ဖြစ်နေပါတယ်။ (နတ်ဆိုးပြုစားခံရခြင်း) ဒါကြောင့်ပဲ ပွဲပြီးဆုံးဖို့ ၅စက္ကန့် အလိုမှာ ကျွန်တော်တို့က အနိုင်ဂိုး ခွင့်ပြုလိုက်ရတာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။