ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းနဲ့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာတော့ အိမ်ရှင် ဂျူဗင်တပ်အသင်းဟာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တူရင်မြေမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ ခြေစွမ်းကွာဟမှု ကျဉ်းမြောင်းခဲ့ပေမယ့် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ချီဆာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ရကာ အုပ်စုHရဲ့ ပထမနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Ruetir

ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ဆုံးရှုံးခဲ့ရသလို အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်သူ ဒိုင်ဘာလာကလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး စီးရီးအေပြိုင်ပွဲမှာ အဆင့်၁၀နေရာ အထိ ကျရောက်နေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းကို အနိုင်ရအပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီက သူတို့အသင်းဟာ ဒီနိုင်ပွဲနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာပြီလို့ ကြုံးဝါး ပြောဆိုခဲ့ပြီး သူတို့အသင်းဟာ ဆုဖလားတွေ ရရှိဖို့ အခုလို ပွဲကြီးပွဲကောင်းမျိုးကို အနိုင်ရဖို့ လိုအပ်ကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Ruetir

အယ်လီဂရီက – “ဒီပွဲမှာ ရမှတ် ၃မှတ် ရဖို့က အရေးကြီးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့တွေ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ခြေတလှမ်း နီးစပ်လာပြီလို့ ဆိုရမှာပါ။ ပြီးတော့ ဥရောပ ချန်ပီယံကို နိုင်ခဲ့တယ် ဆိုတဲ့ ခံစားချက်က အသင်းရဲ့ ကစားသမားတွေကို ယုံကြည်မှုတွေ ပြန်ရလာအောင် လုပ်ပေးနိုင်ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးမယ့် အရာပါ။ ကျွန်တော်တို့က ကြံ့ခိုင်မှု ကောင်းသလို ခံစစ်စုဖွဲ့မှုပါ ကောင်းတဲ့ အသင်းတသင်းကို အကောင်းဆုံး ရင်ဆိုင်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး ခွင့်မပြုခဲ့ရဘူး။ ပြီးတော့ အခွင့်အရေးတွေလည်း ရခဲ့တယ်။ တချို့အချိန်တွေဆို ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီအချက်တွေက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အဓိက ကျတဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။