ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြအဖြစ် ဒုတိယအကြိမ်မြောက် ပြန်လည်ဆောင်ရွှက်သွားမယ့် နည်းပြအယ်လီဂရီက လတ်တလောမှာ အနာဂတ် အခြေအနေတွေ လှုပ်ခတ်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်သွားတော့မယ့် သတင်းထွက်နေတဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးက လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်သလို ရမ်ဆေးကလည်း အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ (၁၁)နှစ်နီးပါးလောက်အထိ ပါဝင်ကစားခဲ့တဲ့ ဂန်းနားပရိသတ်တော်တွေရဲ့ အချစ်တော် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပေမယ့်လည်း သူရဲ့ ပွဲထွက်ကစားခွင့်တွေက အကန့်အသတ်နဲ့ပဲ ရှိနေရသလို သူရဲ့အနာဂတ်က လှုပ်ခတ်နေရပြီး ပရီးမီးယားလိဂ်ဆီ ပြန်သွားဖွယ် ရှိနေတယ်လို့ သတင်းထွက်နေပေမယ့် အယ်လီဂရီကတော့ ရမ်ဆေးဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်လို့ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Mirror

အယ်လီဂရီကို Sport Mediaset မီဒီယာကနေ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်း အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ ကစားသမားဟောင်း ပီယာနစ်ကို အသင်းကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်ကူးရှိလားလို့ မေးမြန်းလာခဲ့ရာ အယ်လီဂရီက ပယ်ချသွားခဲ့ပြီး အသင်းမှာ ရမ်ဆေးလို ကွင်းလယ်ကစားသမားမျိုး ရှိနေတဲ့အတွက် တခြားကွင်းလယ်လူ မလိုအပ်ကြောင်း ရမ်ဆေးက ခံစစ်တန်းရဲ့အရှေ့မှာ အကောင်းဆုံး ကစားနိုင်သူဖြစ်လို့ သူရဲ့ Role က အသင်းအတွက် အရေးပါတာကြောင့် ရမ်ဆေးဟာလည်း အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းနဲ့အတူ ဘောလုံးရာသီ(၂)ခုအထိ ဖြတ်သန်းဖြစ်ခဲ့တဲ့ ရမ်ဆေးဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၆၅)ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပြီး သွင်းဂိုး(၆)ဂိုး သွင်းယူထားခဲ့ကာ အသင်းနဲ့လည်း ၂၀၂၃ခုနှစ်အထိကို စာချုပ်သက်တမ်း ရှိလို့နေပါတယ်။