လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အလီဆွန်ကတော့ အသင်းဖော် ဆာလတ်အနေနဲ့ ဂိုးသွင်းနိုင်ဖို့ အလွန် တစ်ကိုယ်ကောင်းဆန်တယ်လို့ ဆောင်းနက်စ်ရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန်သွားခဲ့ပြီး  ဆာလတ်က သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်လို့ ချေပသွားခဲ့ပါတယ်။ Sky Sports ကလောင်ရှင် ဆောင်းနက်စ်ကတော့ လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်အနေနဲ့ ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အလွန် တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်ခဲ့ပြီး လီဗာပူးလ် ဂိုးသမား အလီဆွန်က ဆောင်းနက်စ်ရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန် ချေပသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ဟာ မနေ့ညက ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး (၁၉) ဂိုး ရှိသွားခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ဗာဒီကို မှီနိုင်ဖို့ နောက်ထပ် သွင်းဂိုး (၃) ဂိုးပဲ လိုအပ်ပါတယ်။ ဆာလတ်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ဆု၊ ရွှေဖိနပ်ဆုကို ရရှိနိုင်ဖို့အတွက် အလွန် တစ်ကိုယ်ကောင်း ဆန်တယ်လို့ ဆောင်းနက်စ်က ဝေဖန်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အလီဆွန်ကတော့ ဆာလတ်ဟာ သွင်းဂိုးတွေကို သွင်းနိုင်ဖို့ ဆာလောင်နေတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အသင်းရဲ့ ဝက်ဆိုဒ်မှာ ဂိုးသမား အလီဆွန်က “ဆာလတ်က သွင်းဂိုးတွေ ဆာလောင်ပါတယ်။ သူက သွင်းဂိုးတစ်ဂိုး သွင်းနိုင်ဖို့ အမြဲတမ်း ကြိုးစားပါတယ်။ အသင်းကိုလည်း နောက်တန်းမှာ ကူညီပေးပါတယ်။ သူက နိုင်ပွဲ ရရှိအောင် အမြဲတမ်း ကူညီပြီး သွင်းဂိုးတွေ သွင်းနိုင်ဖို့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေပါတယ်။ ဒါက သူ့ရဲ့ အလုပ် ဖြစ်ပြီး သူကလည်း ဒီလိုလုပ်ရတာ သဘောကျပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော် သဘောကျတာကို ဆက်လုပ်နေမယ်။ ကျွန်တော်တို့ လုပ်ဖို့ ဆန္ဒရှိတာကို ဆက်လုပ်နေမယ်။ အခုလက်ရှိ ကစားနေတဲ့ ပွဲစဉ်တွေမှာ ပျော်ရွင်နိုင်အောင် ကစားမယ်။ ကျွန်တော်တို့က လာမယ့် ပွဲစဉ်အတွက်ပဲ အာရုံစိုက်နေပြီး ရမှတ် (၃) မှတ် ရရှိချင်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့အနေနဲ့ ဘယ်လို စံချိန်တွေကို ရိုက်ချိုးခဲ့သလဲ ဆိုတာကိုတောင် ကျွန်တော်တို့ ကိုယ်တိုင် မသိပါဘူး”လို့ ချေပ ပြောကြားသွားခဲ့ပါတယ်။