မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုမှာ နောက်ခံလူ ဗန်ဒိုက်ထက် ဂိုးသမား အလီဆွန်က ပို အရေကြီးပါတယ်လို့ ပြောသွာခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ အရင်က ဂိုးသမားနဲ့ လက်ရှိဂိုးသမားကို ယှဉ်ပြောခဲ့ပါတယ်။ နောက်ခံလူ ဗန်ဒိုက် နဲ့ ဂိုးသမား အလီဆင်ဟာ လက်ရှိရာသီမှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအတွက် အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြပြီး လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးရာမှာ ပေးဂိုး (၂၁) ဂိုးသာ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ရောက်လာကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူးခံနေခဲ့ရပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ဘလွန်းဒီအော်ဆု ဆုပေးပွဲမှာ ဆိုရင် ရော်နယ်ဒိုကို ကျော်ပြီး မက်ဆီရဲ့ နောက် အဆင့် (၂) နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ရမှတ် နောက်ထပ် (၆) မှတ် ရရှိမယ် ဆိုရင် လက်ရှိရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိမှာ ဖြစ်ပြီး ဂယ်ရီ နဗီးလက်တော့ လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုမှာ ဗန်ဒိုက်ထက် အလီဆင်က အခရာ ပိုကျတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

နဗီးလ်က “ဂိုးသမား အလီဆွန်က လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဖလား ရစေမယ်လို့ ကျွန်တော် ထင်တယ်။ လူတွေက ဗန်ဒိုက်ကို လီဗာပူးလ်အသင်းမှာ ပျောက်နေတဲ့ အရာလိုမျိုး ပြောကြတယ်။ ဒါပေမယ့် ကျွန်တော် လွန်ခဲ့တဲ့ (၂) နှစ် ဒါမှမဟုတ် (၃) နှစ်ကို ပြန်ကြည့်မိတဲ့ အချိန်မှာ ကျွန်တော် လီဗာပူးလ်အသင်းမှာ ရှိတဲ့ ဂိုးသမားကို ဝေဖန်ခဲ့ပါတယ်။ ကျွန်တော်က လီဗာပူးလ်အသင်းအနေနဲ့ အရင်က ဂိုးသမားနဲ့ ဆိုရင် လိဂ် ဖလား ဘယ်တော့မှ မရနိုင်ဘူးလို့ ပြောခဲ့တယ်။ နည်းပြ ကလော့ပ်က ကျွန်တော့်ကို ပြန်ချေပခဲ့တယ်။ မကြာဘူး၊ အလီဆွန်က ရောက်လာခဲ့တယ်။ ဂိုးသမားက တည်ငြိမ်မယ်၊ ဂိုးကန်သွင်းမှုတွေကို ကာကွယ်ပေးနိုင်မယ်၊ အသင်းကိုလည်း ယုံကြည်မှု ပေးမယ် ဆိုရင် အဲဒီရဲ့ ရလဒ်က မယုံနိုင်စရာပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။