လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုးသမား အယ်လီဆန် ဘတ်ကာဟာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် တစ်လကျော်ခန့်လောက်အထိ အနားယူသွားရတော့မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ပွဲကျပ်တွေကိုလည်း လွဲချော်သွားရပါတော့မယ်။

အသက် (၃၂)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်ဟာ ဒီရာသီထဲမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာလထဲမှာလည်း ပေါင်ဒဏ်ရာကြောင့် ဝက်စ်ဟမ်း ဘုန်းမောက်အသင်းတို့ ပွဲစဉ်တွေကိုပါ ဆက်တိုက် လွဲချော်ခဲ့ရပါသေးတယ်။

Photo Credit : talkSPORT

ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး (၃)ပွဲမြောက် ပွဲစဉ်မှာပဲ အယ်လီဆန်ဟာ တံကောက်ကြော ဒဏ်ရာကိုပါ ထပ်မံ ရရှိသွားခဲ့ရကာ ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိလို့ (၂၃)နှစ်အရွယ် ချက်ဂိုးသမားလေး ဂျာရော့စ်နဲ့ လူစားလဲလိုက်ရပါတယ်။ အရန်ဂိုးသမား ကယ်လေဟာကတော့ အဖျားဝေဒနာကြောင့် အခုပွဲကို လွဲချော်ခဲ့ရတဲ့အတွက် ဂျာရော့စ်ကပဲ အယ်လီဆန်နေရာမှာ အစားဝင် ကစားသွားရပါတယ်။

ဒဏ်ရာတစ်ခုကနေ သက်သာခါစမှာပဲ အခုလို နောက်ထပ် ဒဏ်ရာတစ်ခုပါ ထပ်ရသွားတဲ့ အယ်လီဆန်ဟာအတော်လေး စိတ်ပျက်နေခဲ့ရပြီး ဒီဒဏ်ရာကြောင့် ဘရာဇီးလ်နဲ့အတူ နိုင်ငံတကာပွဲတွေကို သေချာပေါက် လွဲချော်ရမှာ ဖြစ်တဲ့အပြင် နည်းပြဆလော့ကလည်း အယ်လီဆန်က နိုဝင်ဘာလရဲ့ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှသာ အသငး်အတွက် ပြန်ကစားနိုင်တော့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Liverpool Echo

ဒါကြောင့် အယ်လီဆန်အနေနဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲကျပ်ကာလ တစ်လျှောက်လုံးကိုပါ ဆက်တိုက် လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။ အယ်လီဆန်ဟာ ချယ်လ်ဆီး(ပရီးမီးယားလိဂ်) လိုက်ပ်ဇစ်(ချန်ပီယံလိဂ်) အာဆင်နယ်(ပရီးမီးယားလိဂ်) ဘရိုက်တန်(လိဂ်ဖလား) ဘရိုက်တန်(ပရီးမီးယားလိဂ်) လေဗာကူဆင်(ချန်ပီယံလိဂ်)နဲ့ ဗီလာ(ပရီးမီးယားလိဂ်) ပွဲတွေကို လွဲချော်ရပါတော့မယ်။

ဒီပွဲကျပ် ကာလအတွင်းမှာ လီဗာပူးလ်က အယ်လီဆန်အစား ကယ်လေဟာနဲ့ ဂျာရော့စ်တို့ကိုသာ အသုံးပြုသွားရဖို့ ရှိနေပြီး ဒီနွေမှ ဗလင်စီယာကနေ ခေါ်ယူထားတဲ့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီကို ဗလင်စီယာထံ အငှားချထားပေးတာမို့ recalled ပြန် ခေါ်ယူဖို့ဆိုတာကလည်း ခက်ခဲနိုင်ပါတယ်။