ဘရာဇီး လက်ရွေးစင် ဂိုးသမားဟောင်း တာဖာရယ်လ်ကတော့ နိုင်ငံချင်းတူ လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အလီဆွန်ဟာ ပွဲကြီးတွေမှာ ဂိုးဖမ်းကောင်းပြီး ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဝက်ဆိုဒ်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား စာရင်းဝင်တွေကတော့ မန်စီးတီး အီဒါဆွန်၊ ဘာစီလိုနာ တာစတီဂန်၊ ရီးရဲလ် ကော်တိုရစ်၊ အက်သလက်တီကို အိုဘလက်ခ်၊ ဘိုင်ယန် နူအာ၊ ဂျုဗင်တပ် ဘူဖွန် နဲ့ လီဗာပူးလ် အလီဆင်၊ စသဖြင့် ထိပ်သီး ဂိုးသမား (၇) ယောက် ရှိနေတာပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား စာရင်းဝင်တွေထဲက ဂိုးသမား အလီဆင်ဟာ လွန်ခဲ့တဲ့ (၂၀၁၉) မှာ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) က ပေးအပ်တဲ့ ဖီဖာရဲ့ အကောင်းဆုံး အမျိုးသား ဂိုးသမားဆုကို ရရှိခဲ့ပြီး လီဗာပူးလ်အသင်းနဲ့လည်း ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား အလီဆင်ဟာ (၂၀၁၈-၁၉) ခုနှစ်က လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် ရာသီမှာလည်း ရွှေလက်အိတ်ဆုကို ရရှိခဲ့တာ ဖြစ်ပြီး ဘရာဇီး ဂိုးသမားဟောင်း တာဖာရယ်လ်က အလီဆင်အနေနဲ့ ဖီဖာက ပေးတဲ့ ဆုနဲ့ ထိုက်တန်ပြီး ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တစ်ဦးပါလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

(၁၉၉၄) ခုနှစ်က ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ တာဖာရယ်လ်ဟာ အကောင်းဆုံး ဂိုးသမားကို ရွေးဖို့ ဆုံးဖြတ်ချက်ချပါလို့ အမေးခံရတဲ့ အချိန်မှာ သူက “အလီဆင်ပါ။ ဖီဖာကလည်း သူ့ကို ဆု ပေးခဲ့ပြီး သူနဲ့ အပြည့်အဝ ထိုက်တန်ပါတယ်။ သူမှာ လိုက်တုလို့ မရတဲ့ ဗျူဟာ ရှိပြီး သူက ပွဲကြီးတွေမှာ ဂိုးဖမ်းကောင်းတဲ့ သူပါ။ သူက ကောင်းစွာ ကစားလာခဲ့ပြီး အသင်းကို ရလဒ်ကောင်း ရရှိနိုင်အောင် ကူညီပေးပါတယ်။ အခုအချိန်က သူ့ရဲ့ အချိန်ပါ။ အလီဆင် ပြီးရင် ဂိုးသမားကောင်းတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အီဒါဆွန်၊ တာစတီဂန်၊ ကော်တိုရစ် နဲ့ အိုဘလက်ခ်တို့ကလည်း ပုံစံကောင်း ရရှိကြတယ်လို့ ကျွန်တော် မှတ်ချက်ပြုချင်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။